"ဒီနေ့အလံတွေစိုက်ပြီး ကျွန်တော်တို့ မိဘဘိုဘွားတွေပိုင်တဲ့မြေကို ပြန်လည်သိမ်းယူလိုက်ပါပြီ။"ဟု ရှမ်းကန်ကျေးရွာမှ ဦးဆောင်သူ ဦးသိန်းက မဇ္ဈိမသို့ ပြောသည်။
ရှမ်းကန်ကျေးရွာအုုပ်စုမှ ရှမ်းကန်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊စွန်ရဲကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ အင်းကုန်ကျေးရွာပိုင် ကွင်းအမှတ်(၁၂၃/က)နှင့် စွန်ရဲကွင်း(ဆပ်သေအိုင်)ရှိ လယ်ယာမြေဧက ၂၆၀၀ အား ပြန်လည်သိမ်းပိုက်ခြင်းဖြစ်သည်။
အဆိုပါလယ်ယာမြေများအား သိမ်းယူထားစဉ်ကတည်းက မည်သည့် စီမံကိန်းမျှ ဆောင်ရွက်မှု မရှိသည့်အပြင် ယနေ့အချိန်ထိ မြေလွတ်မြေရိုင်းများအဖြစ် ရှိနေခြင်းကြောင့် ဒေသခံတောင်သူများက ပြန်လည်သိမ်းယူ လိုက်ခြင်းဖြစ် သည်ဟု တောင်သူဦးသိန်းကဆိုသည်။
လယ်ယာမြေများပြန်လည်ရရှိရေးအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် သြဂုတ်လ အထိ သက်ဆိုင်ရာ အဆင့်ဆင့်သို့ အကြိမ်ကြိမ် စာတင်ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အကြောင်းပြန်ကြား ရှင်းလင်းပေးမှုမရှိ၍ ယခုကဲ့သို့ လယ်သိမ်းတိုက်ပွဲ ဆင်နွှဲခြင်းဖြစ်သည်ဟု တောင်သူ ဒေါ်ခင်ညိုက ထပ်လောင်းပြောသည်။
"ကျွန်မတို့တောင်သူတွေ ဆယ်စုနှစ်လေးစုလောက် မြေမဲ့ယာမဲ့ အလုပ်လက်မဲ့ဘဝနဲ့ ဆင်းဆင်းရဲရဲ နေခဲ့ရတယ်။ သိမ်းပြီးတော့ ဘာမှလည်း မလုပ်ဘူး။ သက်သက်မဲ့ ကျွန်မတို့တွေရဲ့ဘဝကို သတ်တာပဲ။"ဟု ဒေါ်ခင်ညိုက ပြောသည်။
ထိုသို့ မြေသိမ်းတိုက်ပွဲဆင်နွှဲနေမှုကို ဆက်လက်မပြုလုပ်ရန် ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူးက လာရောက် တားမြစ်ခဲ့သည်။ ဆက်လက်လုပ်ဆောင်နေပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ဒေသခံတောင်သူများအား ပြောသည်။
"တားလည်းဆက်တိုက်ပွဲဝင်မယ်။ ဖမ်းလည်း ဆက်ပြီး တိုက်မှာပဲ။"ဟု မြေသိမ်းတိုက်ပွဲဝင်နေသူ ဒေါ်ထားက ပြောသည်။
မြေသိမ်းတိုက်ပွဲဝင်နေသော ဒေသခံတောင်သူများသည် ထွန်စက် ၂ စီး၊ နွားရှစ်ရှင်းဖြင့် ဧက ၂၆၀၀ ကို ပြီးစီးအောင် ထွန်းယက်၍ နှမ်းနှင့်မြေပဲများစိုက်ပျိုးသွားမည်ဟု တိုက်ပွဲဝင်သူများက ဆိုသည်။
အဆိုပါလယ်ယာမြေများထဲတွင် တဲများထိုး၍ ဒေသခံတောင်သူများနေထိုင်၍ တိုက်ပွဲဝင်သွားမည်ဟု ဦးဆောင်သူ ဦးသိန်းက ဆိုသည်။
"ဥပဒေအတွင်းကလုပ်ပြီးပြီ။ မရလို့အခုလိုလုပ်တာပဲ။ အစိုးရမပြောင်းလဲခင် မြေပြန်ရအောင် လုပ်မယ်။"ဟု ဦးသိန်းက ပြောသည်။
မြေသိမ်းခံထားရသော ကျေးရွာ ငါးရွာမှ ဒေသခံအများစုသည် ကျေးရွာသို့စွန့်ခွာကာ ကြံုရာကျဘမ်း လုပ်ကိုင်ရှာဖွေစားသောက်နေရပြီး ဒေသမှာလည်း ဖွံ့ဖြိုးမှုမရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။
"တောင်သူမြေမရှိတော့ သေပြီလေဗျာ။ အဲလိုကျ နယ်ထွက် ရရာအလုပ်ဖြစ်သလိုနေပဲ။ မြေရှိပြီး လုပ်ခွင့်မပေးတဲ့အစိုးရကို အလိုမရှိဘူး။"ဟု ဦးဆောင်သူထဲမှ တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက ပြောသည်။
ထိုလယ်မြေများသည် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက ပိုင်ဆိုင်သည့်မြေများ ဖြစ်သည့်အတွက် တောင်သူများကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။
"သူတို့ပိုင်တယ်ဆို အထောက်အထားနဲ့ ဥပဒေဘောင်အတွင်းက တောင်းလို့ရတယ်။ တစ်ကြိမ်မရရင် နောက်တစ်ကြိမ်၊ အကြိမ်ကြိမ်တောင်းလို့ ရပါတယ်။ သူတို့ကို ဥပဒေဘောင်ထဲက လုပ်ဖို့ ရှင်းပြနေတယ်။ လက်ခံမခံက သူတို့အပိုင်းပဲ။"ဟု ၎င်းက ပြောသည်။
တိုက်ပွဲဝင်နေသော တောင်သူများအနေဖြင့် အပြီးတိုင်မြေပြန်ရသည့်အထိ ပြုလုပ်သွားမှာဖြစ်ပြီး လယ်စောင့်တဲများဆောက်ကာ နေထိုင် သွားကြရန် တညီတညွှတ်တည်း ဆုံးဖြတ်ထားသည်ဟု ဆိုသည်။







