“ကျွန်တော်တို့ ဒီမိုကရေစီကို တကယ်သွားချင်တယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေရဲ့လက်ထဲကို နိုင်ငံရေးအာဏာရောက်လာဖို့ လိုတယ်။ ကျွန်တော်တို့လက်ထဲကို နိုင်ငံရေးအာဏာ မရောက်သရွေ့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီကို သွားဖို့ ကျွန်တော်တို့ မဖြစ်နိုင်ဘူး။ အဲ့တော့ အခု ရွေးကောက်ပွဲ ကတော့ ကျွန်တော်တို့ရဲ့ အခွင့်အလမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံလောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ရခဲ့မယ်ဆိုရင် အစိုးရဖွဲ့ခွင့် ရရှိလာမယ်”ဟု စက်တင်ဘာ ၁၅ရက်နေ့က ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးမှုတွင် ဒေသခံမဲဆန္ဒရှင်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အစိုးရဖွဲ့ခွွင့်ရခြင်းသည် နိုင်ငံရေးအာဏာကို ကိုယ်ရဲ့အင်အားစုလက်ထဲသို့ ရောက်လာခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ ရောက်ရန် အခွင့်အရေးအတွက် လိုအပ်သည်မှာ လွှတ်တော်ထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် အများစု အနိုင်ရရန် အရေးကြီးကြောင်း မဲဆန္ဒရှင်များကို ပြောကြားခဲ့သည်။
“အဆုံးအဖြတ်ပေးမယ့်သူက ဒီလွှတ်တော်ကိုယ်စားလှယ်တွေ အဲ့တော ဒီလွှတ်တော်နှစ်ရပ်မှာ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေသာ အများစု ပြည်သူလူထုက ပို့ဆောင်ပေးလိုက်မယ်ဆိုရင် NLD အစိုးရဖြစ်ခွင့် ဆုံးဖြတ်ချက် ချနိုင်မယ်။ အဲ့ဒီအတွက် အခုရွေးကောက်ပွဲ အရေးကြီးတယ်။ NLD ပြတ်ပြတ်သားသား အောင်ပွဲခံဖို့လည်း အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ ပြောနေတာ”ဟု မင်္ဂလာဒီပရပ်ကွက် ဒေသခံမဲဆန္ဒရှင်များကို ပြောသည်။
ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းလွှတ်တော်ကိုယ်စား လှယ် (၆၆၄)ဦးရှိ ကြောင်းနှင့် ယင်းလွှတ်တော်နှစ်ရပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်များက (၃၃၃)ဦး အနိုင်ရမည်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဖွဲ့ခွင့်ရပြီဟု ပြောလို့ကြောင်း လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးရည်မွန်က ပြောကြားခဲ့သည်။
“အဲ့ဒီအတွက် မဲဆန္ဒပေးသည့်အခါတွင် မဲဆန္ဒရှင်များက ပြည်သူ့လွှတ်တော်ရော အမျိုးသား လွှတ်တော်ရော ကိုယ့်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်အောင် ပို့ပေးဖို့ လိုတယ်”ဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောကြားခဲ့သည်။







