အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ အမှား မလုပ်ရန် ထိန်းကျောင်းဖို့ လိုကြောင်း ဦးရွှေမန်းပြော

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ အမှား မလုပ်ရန် ထိန်းကျောင်းဖို့ လိုကြောင်း ဦးရွှေမန်းပြော
by -
မဇ္ဈိမ
နိုင်ငံတစ်နိုင်ငံအတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လူမှုဘဝများ တိုးတက်စေ ရေးသည် အရေးကြီးဆုံးဟု သူရဦးရွှေမန်းက ပြောဆိုလိုက်ပြီး ထိုလိုအပ်ချက်များ လုပ်ကြရာတွင် အပြန်အလှန် ထိန်းကြောင်းကြရန် လိုကြောင်း လွှတ်တော်၏ အကြီးအကဲလည်းဖြစ်သူက စက်တင်ဘာ ၁၅ ရက်က ပြောဆိုလိုက်သည်။

“လိုအပ်ချက်များအတွက် ဆောင်ရွက်ကြရာမှာ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ ခက်မ သုံးဖြာ ဖြစ်တဲ့ ဥပဒေပြု လွှတ်တော်များ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့အစည်းများ အနေနဲ့ မိမိတို့ရဲ့ အခွင့်အာဏာများကို တတ်နိုင်သမျှ ပိုင်းခြား အသုံးပြုပြီး လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း တိမ်းစောင်း မှားယွင်းမှု မဖြစ်ရလေအောင် အပြန်အလှန် ထိန်းကျောင်းခြင်းနဲ့ အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်၊ သဘင်ဆောင်တွင် ပြုလုပ်သော အပြည်ပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

အလားတူ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ကိုလည်း ထည့်သွင်းပြောသွားခဲ့သည်။ ယင်းမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ဒီမိုကရေစီ ကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန်ဟု ဆိုသည်။

“ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးလျက်ရှိသည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံများကို ဂုဏ်ပြုရန်နဲ့ အုပ်ချုပ်ရေး အစိုးရအဖွဲ့များအနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန် ဖြစ်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ အခမ်းအနား ကို ၂၀၁၁ ခုနှစ်က လွှတ်တော်ခမ်းမတွင် ပထမဆုံး ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ ဦးရွှေမန်းသည် အဆိုပါအခမ်းအနား တက်ရောက်လာသူများကို “ဒီမိုကရေစီ ဘက်တော်သားများ ခင်ဗျာ”ဟု ခေါ်ဝေါ်သုံးနှုန်းကာ အခမ်းအနား သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ပြည်သူများအကြား ဒီမိုကရေစီ စိတ်ဓာတ် ရှင်သန်စေရန်နှင့် ဒီမိုကရေစီ ကျင့်စဉ်များ ရှင်သန်နေရန် ဒီမိုကရေစီနေ့ အခမ်းအနားများကို လာမည့် အနာဂတ်ကာလများတွင် အမြဲမပြတ် လုပ်ဆောင်ကြရန်လည်း သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ် ဒီမိုကရစီနေ့တွင် တိုက်တွန်းခဲ့သည်။ အလားတူ လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသသည့် ပြည်သူအားလုံး ဆန္ဒမဲပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

“ပွင့်လင်းမြင်သာပြီး လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်နိုင်ရန်မှာ မဲဆန္ဒပေးခွင့်ရှိတဲ့ ပြည်သူများအားလုံး တာဝန်သိသိနဲ့ နိုးကြားတက်ကြွစွာ ပါ၀င်ရေးဟာ အလွန်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

၂၀၁၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီအရေးအတွက် ပြည်သူများပါ၀င်ဆောက်ရွက်”ဟူ၍ဖြစ်ပြီး အဆိုပါ ဆောင်ပုဒ်သည် “မိမိတို့ မြန်မာနိုင်ငံအတွက် လာမယ့် နိုဝင်ဘာ ၈ရက်မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကြိုဆိုဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုအားပေးခြင်း၊ မဲပေးခွင့်ရှိသူအားလုံး ပါဝင် မဲဆန္ဒပေးရန် နှိုးဆော်တိုက်တွန်းခြင်း စတဲ့ သဘောအဓိပ္ပာယ်များနဲ့ ပြည့်စုံနေတယ်လို့ သုံးသပ်ခံစားရပါတယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။

လွှတ်တော်နာယက သူရဦးရွှေမန်းသည် လာမည့်ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိဖြစ်သော ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေ ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လာမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ပထမဆုံးအကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲဟု ဒီမိုကရေစီနေ့အခမ်းအနားတွင် သူရဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ပြည်သူအားလုံး ဆန္ဒမဲပေးကြရန်မှာလည်း အလွန်အရေးကြီးကြောင်း ပေါ်လွင်နေသည်ဟု ဆိုသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...