ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိ

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိ
by -
မဇ္ဈိမ
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၊ ဇလွန်မြို့နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တို့တွင် (၁) ပေခွဲခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်လျှက်ရှိသည်။

နောက် (၃)ရက်အတွင်း ပေဝက်ခန့်စီ ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်သည်ဟု စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်များအရ မိုး/ဇလက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဟင်္သာတခရိုင် (ဧရာဝတီမြစ်) အတွင်းနှင့် ငဝန်မြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်လည်း အကြံပြုထားသည်။

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင်လည်း စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ကျော်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့်ကျဆင်းနိုင်သော်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။ ညောင်ဦးခရိုင် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအား အထူးသတိပြုနေထိုင်ကြရန်ကိုလည်း အကြံပြုထားသည်။

မင်းဘူးမြို့၌မူ ဧရာဝတီမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျနိုင်သည်ဟု ဆိုသည်။

အလားတူ ချင်းတွင်းမြစ်ရေသည်လည်း ဖောင်းပြင်မြို့၊ မော်လိုက်မြို့နှင့် မုံရွာမြို့တို့တွင် (၁) ပေခန့်စီ၊ ကလေးဝမြို့့တွင် ပေဝက်ခန့်၊ မင်းကင်းမြို့တွင် (၂) ပေခန့့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေသည်။ နောက် (၁) ရက် အတွင်း ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝမြို့နှင့် နောက် (၂) ရက်အတွင်း မင်းကင်း၊ မုံရွာတို့တွင် စိုးရိမ်ရေမှတ်အောက် ပြန် လည်ကျဆင်းနိုင်သည်ဟု မိုး/ဇလက စက်တင်ဘာ ၁၄ ရက်၌ သတိပေးထုတ်ပြန်ထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...