ဒေသခံများ ဆန္ဒရှိလျှင် မိုင်းတုံရေကာတာ စီမံကိန်း ရပ်တန့်ပေးရန် လွှတ်တော်တင်ပေးမည််

ဒေသခံများ ဆန္ဒရှိလျှင် မိုင်းတုံရေကာတာ စီမံကိန်း ရပ်တန့်ပေးရန် လွှတ်တော်တင်ပေးမည််
by -
မဇ္ဈိမ
သံလွင်မြစ်ပေါ်ရှိ မိုင်းတုံရေကာတာ တည်ဆောက်မည့်စီမံကိန်း ရပ်တန့်ပေးရန် ဒေသခံများက ဆန္ဒရှိပါက လွှတ်တော်သို့ တင်ပြပေးမည်ဟု SNLD ပါတီမှ ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက မဇ္စျိမသို့ ပြောသည်။

''ကျွန်မက ပြည်သူ့ကိုယ်စားလှယ်ဆိုတော့ ဒေသခံပြည်သူတွေရဲ့ဆန္ဒပဲ။ သူတို့ဆုံးဖြတ်တာကို စောင့်ကြည့်မယ်။ စာတင်လာရင် လွှတ်တော်ကို တင်ပြပေးမယ်။''ဟု ၎င်းက ပြောသည်။

Snowy Mountains Engineering Corporation-SMEC ကုမ္ပဏီက EIA/SIA လုပ်ငန်းဆောင်ရွက်ရာ တွင် ပြည်သူကို ချပြသည့်မြေပုံနှင့် လက်တွေ့မြေပြင်ကွာခြားနေကြောင်း၊ ရေမြုပ် ဧရိယာကို ၅ ရွာခန့်သာ ထည့်သွင်းထားပြီး လက်တွေ့ ကွင်းဆင်းချက်အရ နမ့်ပါနှင့် သံလွင်မြစ်ဆုံရာ အောက်ပိုင်းတွင် တည်ဆောက်မည်ဖြစ်၍ အနည်းဆုံး ရွာ ၃၀ ကျော် ရေမြှုပ်နိုင်ကာ ကွန်ဟိန်းမြို့လည်း ပါဝင်သည်ဟု ဒေါ်နန်းဝါနုက ပြောသည်။

''ဒီဆည်ဆောက်မယ့် ကိစ္စကို ပြည်နယ်လျှပ်စစ်ဝန်ကြီးက အကျိုးတူတည်ဆောက်မယ့် ကုမ္ပဏီသုံးခု တံဆိပ်ပါတဲ့ လက်ဆောင်ပစ္စည်းတွေ ရွာသားတွေကို ပေးတယ်။ အဲဒီမှာ လူသိများသွားတာ။ နမ့်ပါနဲ့ သံလွင်မြစ်ဆုံတဲ့နေရာ အောက်နားမှာ သူတို့က ရေကာတာဆောက် လိုက်မယ်ဆိုရင် ကွန်ဟိန်းမြို့ လည်း ရေမြှုပ်မယ်။ အန်တီနေတဲ့ ပါလမ်းရွာဆိုတာ တောင်ပေါ်မှာရှိတာ အဲ့ဒီရွာလည်း ရေမြှုပ်ဧရိယာ ထဲမှာတယ်။''ဟု ၎င်းက ဆက်ပြောသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအားလေ့လာဆန်းစစ်ခြင်း (EIA) နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း (SIA) ကို ပြုလုပ်နေသည့် သြစတြေးလျကုမ္ပဏီ SMEC ကုမ္ပဏီမှ တာဝန်ရှိသူနှစ်ဦး စက်တင်ဘာ ၉ ရက်နေ့က ရောက်ရှိလာသဖြင့် စက်တင်ဘာ ၁၁ ရက်နေ့ တွင် ၎င်းတို့အား ကွန်ဟိန်းနှင့် ကာလိဒေသခံများက စီမံကိန်းရပ်တန့်ပေးရန် ကန့်ကွက်စာပေးခဲ့သည်ဟု ရှမ်းလူငယ်အသင်းမှ နန်းခမ်းနောင့်က ပြောသည်။

မိုင်းတုံရေကာတာစီမံကိန်း တည်ဆောက်မှုမှန်သမျှကို လက်မခံဘဲ အပြင်းအထန်ကန့်ကွက်သည့် ဒေသခံလူထု၏ စိုးရိမ်ပူပန်မှုများကို ကုမ္ပဏီက ထည့်သွင်းစဉ်းစားပေးရန် EIA/SIA အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် ရေကာတာ တည်ဆောက်မှုအားလုံးရပ်ဆိုင်းပေး မည်ဟု ယုံကြည်ကြောင်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ဒေသခံပြည်သူများခံစားရမည့်ဆိုးကျိုးများ၊ ထိခိုက်မှုခံရမည့်လူဦးရေ မြို့ရွာများစာရင်း၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက််နိုင်မှု အခြေအနေများကို မေးမြန်းရာ SMEC ၏ တာဝန်ရှိသူ ဂျွန်နသန်ကလောလော ဆယ်မဖြေနိုင်သေးပဲ ကောက်ခံထားသော အချက်အလက်စာရင်းအား အကြမ်းရေးပြီး ၂၀၁၆ ခုနှစ်အတွင်း အစိုးရထံ တင်ပြသည့်အချိန်မှသာ ဖတ်ကြည့်ပါဟု ပြောခဲ့ကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့သည့် နန်းခမ်းမိုင်က မဇ္စျိမသို့ ပြောသည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာများ တည်ဆောက်ခြင်းကို လက်မခံကြောင်း ရှမ်းပြည်သူလူထု (၂၃၇၁၇) ဦး လက်မှတ်ရေးထိုးကာ သြဂုတ်လ ၂၅ ရက်နေ့က SMEC ကုမ္ပဏီ ရန်ကုန်ရုံးချုပ်သို့ ရှမ်းလူထု ကိုယ်စားလှယ် ၁၀ ဦး လာရောက် ပေးအပ်ခဲ့ဖူးသည်။

တည်ဆောက်မည့် ရေကာတာမှာ တာရိုးအရှည် ၆၀၆ မီတာ၊ အမြင့် ၂၄၁ မီတာ၊ ရေဝပ်ဧရိယာ ၆၄၁ ကီလိုမီတာရှိပြီး သိုလှောင်ရေရပ်ဝန်း မြစ်အထက်ပိုင်းသို့ ၃၈၀ ကီလိုမီတာဖြစ်သည်။ လျှပ်စစ် ဓာတ်အား ရ၀၀၀ မီဂါ၀ပ် ထုတ်လုပ်နိုင်၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ထုတ်ရောင်းမည်ဟု SMEC က ထုတ်ပြန်ထားသည်။

အဆိုပါစီမံကိန်းအား China Three Gorges Corporation ၊ China Southern Power Grip ၊ Power Construction of China (Sinohydro) ၊ EGAT International Co.Ltd (ထိုင်း) ၊ International Group of Entrepreneurs Co.Ltd တို့က ငွေကြေးစိုက်ထုတ်ပြီး မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...