ဖဲကြိုးဝါ လှုပ်ရှားမှုများ နေပြည်တော်ရှိ တရားရုံး အားလုံးတွင် ဆက်လုပ်မည်

ဖဲကြိုးဝါ လှုပ်ရှားမှုများ နေပြည်တော်ရှိ တရားရုံး အားလုံးတွင် ဆက်လုပ်မည်
by -
မဇ္ဈိမ
တပ်မတော်သားအရာရှိ အငြိမ်းစားများအား တရားစီရင်ရေး ကဏ္ဍတွင် ခန့်အပ်လိုက်မှုအပေါ် ကန့်ကွက်သည့် ရှေ့နေများ က နေပြည်တော်တွင် ဆက်လက်ကန့်ကွက်နေကြပြီး နေပြည်တော်ရှိ တရားရုံးအားလုံးတွင် ဆက်လုပ်သွားမည်ဟု ကန့်ကွက်သူများက ပြောသည်။

အဆိုပါ ကန့်ကွက်မှုကို စက်တင်ဘာ ၉ ရက်နေ့က ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးရှေ့တွင် ဆက်လုပ်ခဲ့သည်။

“အမိန့်ပေးတဲ့စနစ်ကို အသွေးအသားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေက တရားစီရင်ရေးစနစ်ကို ဝင်လာတာဟာ အဖတ်ဆယ်လို့မရအောင် တရားစီရင်ရေး ပျက်ပြီလို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဦးဆောင်လှုပ်ရှားသူ ပျဉ်းမနားမြို့နယ်၊ ရှေ့နေအသင်းဥက္ကဌဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္စျိမသို့ ပြောသည်။

Yellow Ribbon ဟု အမည်ပေးထားသည့် အဆိုပါ လှုပ်ရှားမှု၏ လက်ကမ်းစာစောင်များတွင်လည်း “၂၀၁၅ အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ပြီး Militarization of Judiciary လုပ်ဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ အင်အားထပ်ဖြည့်လာတယ်လို့ သိမြင်တွေ့ရှိ ရတဲ့အတွက် ဟန့်တားဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ တရားရုံး၊ တရားစီရင်ရေးနဲ့ပတ်သက်သူ အားလုံးဟာ တရားရေးကို စစ်ဩဇာအောက် သွင်းမယ့် ခြေလှမ်းကို ဆန့်ကျင်ရပါမယ်”ဟု ရေးသားထားသည်။

အဆိုပါ ကန့်ကွက်လှုပ်ရှားမှုကို နေပြည်တော်အပြင် ရန်ကုန်နှင့် မန္တလေးရှိ ရှေ့နေအချို့ကလည်း စတင်လှုပ်ရှားနေပြီဖြစ်သည်။

တပ်မတော်သားများကို အစိုးရဝန်ကြီးဌာနများတွင် အလုပ်ခန့်ထားမှုသည် ၂၀၁၅ ခုနှစ်အလွန် မြန်မာနိုင်ငံ၏ ကဏ္ဍကြီးသုံးရပ်လုံးတွင် စစ်တပ်က အုပ်စီးဖို့အတွက်လောဟု သံသယဖြစ်ရသည်ဟု ဦးခင်မောင်ဇော်က ပြောသည်။

ပြီးခဲ့သည့်လကလည်း ကျန်းမာရေးဝန်ကြီးဌာနတွင် တပ်မတော်သားများကို ခန့်အပ်ထားမှုကြောင့် ဆရာဝန်များက အနက်ရောင်ဖဲကြိုးများကိုတပ်ဆင်ကာ ကန့်ကွက်ခဲ့ကြသေးသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...