“ဘယ်လိုဖြစ်လာမယ်ဆိုတာလည်း ကိန်းသေကိန်းမတော့ မပြောတတ်ဘူး။ သို့သော် ဖြစ်လာနိုင်တာ ကတော့ ၂၀၁၀ လိုလည်း မဖြစ်နိုင်ဘူး။ ၁၉၉၀ လိုလည်း မဖြစ်နို်င်ဘူးလို့ ကိုယ်မြင်တယ်။ မြင်တဲ့ အတွက် ဖြစ်လာတဲ့အခြေအနေပေါ်မှာ ကိုယ်တို့ပါတီအနေနဲ့တော့ သဘောထားပြည့်ဝတဲ့ မူဝါဒပါပဲ။ အကျိုးရှိမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပဲ ကိုယ့်အနေနဲ့ ဖြေချင်တယ်” ဟု စက်တင်ဘာ ၁၃ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဝေလွင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုပြိုကွဲသွားမည့် ပြောင်းလဲမှုမျိုး၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်ပြောင်းလဲသွားစေမည့် ကိစ္စမျိုးနှင့် ဘာသာသာသနာပြောင်းသွားမည့် ကိစ္စမျိုးကို လက်ခံ၍ မရကြောင်း ဦးဝေလွင်က ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနေရာအတွက် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးဝေလွင်သည် ပုဗ္ဗသီရိမြို့နယ်၌ ဝင်ရောက်အရွေးခံခြင်းသည် နေပြည်တော် စတင်တည်ထောင်စဉ်ကပင် ပါဝင်ခဲ့ခြင်း၊ အခြား ပုဂ္ဂိုလ်များထက် နယ်မြေအကျိုးစီးပွား ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ခြင်းနှင့် အခြေချနေထိုင်သည့် မြို့နယ်အတွင်း ဒေသအကျိုးစီးပွားကို နီးနီးနားနား ဆောင်ရွက်ပေးနိုင်မည် ဖြစ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောသည်။
အဆိုပါမြို့နယ်တွင် ဦးဝေလွင်သည် ပြည်သူ့လွှတ်တော်နေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးရည်မွန်(ခ) မောင်တင်သစ်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးမြင့်လွင်သန်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိဖို့အတွက် ကျော်လွှားရမည့်ပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဖြစ်ကြောင်းနှင့် အကြောင်းရင်းမှာ အဆိုပါ ပါတီသည် အမျိုးသားသူရဲကောင်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်နှင့် ဒေါ်အောင်ဆန်းစုကြည်စွမ်းရည်များရှိပြီး ပြိုင်ဘက်က မစွမ်းသည့်တိုင် နောက်တွင် ရှိနေသည့် ပုံရိပ်များက ထင်ပေါ်ကျော်စောခြင်းကြောင့် ဖြစ်ကြောင်းပြောကြားခဲ့သည်။







