မူဆယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု တအာင်းအမျိုးသမီးအဖွဲ့ထုတ်ပြန်

မူဆယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု တအာင်းအမျိုးသမီးအဖွဲ့ထုတ်ပြန်
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် မော်တောင်းလုံကျေးရွာသား (၈) ဦးကို တပ်မတော် ခလရ (၄၅) ကွတ်ခိုင်တပ်ရင်းမှ အကြောင်းပြချက်မရှိဘဲ မူဆယ်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ဟု သတင်းရရှိသည်။

မော်တောင်းလုုံကျေးရွာ၏ အုုပ်ချုပ်ရေးမှူး ဦးအိုုက်မောက်ခမ်း၊ ရွာသားဖြစ်သော ဦးသန်းထွန်း၊ ဝင်းအောင်၊ ပန်းရံအဖြစ် အလုပ်လုပ်နေကြသော လွယ်ပေါင်းကျေးရွာနေ ဦးအိုက်ယိုင်၊ မိုင်းအဂျား၊ နမ့်ခမ်းမြို့နေ ဦးအနော ၊ မန်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်ကြာနှင့် ကျောင်းဒကာကြီး ဦးဆွယ်ငင်းငိုတို့ကို စက်တင်ဘာလ ၁၀ ရက် ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးသွာသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်းက ထုတ်ပြန်သည်။

“မလွတ်လာသေးဘူး။ သူတုုိ့ကုုိ မူဆယ်ဘက် ခေါ်သွားတယ်လုုိ့တော့ ကြားတယ်။ ဘာမှ အကြောင်းပြချက် မရဘဲ ဖမ်းသွားတယ်။ သူတုုိ့မိသားစုုကတော့ ကျမတိုု့ကုုိ လာအကူအညီ တောင်းတယ်။ အမြန်ပြန်လွတ်ပေးစေချင်ကြတယ်။”ဟုု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး လွေးပိုုးညိူဝ်းက မဇ္စျိမကုုိ ပြောသည်။

ဖမ်းဆီးခံရသူများအား ၎င်းတုုိ့၏ နေအိမ်များမှ လာရောက် ဖမ်းဆီးသွားသဖြင့် ကျေးရွာသားများ ထိန်လန့်နေကြသည်ဟုု သူက ပြောသည်။ “စစ်ပွဲဖြစ်ရင်တော့ စစ်ပွဲကြောင့် ဖမ်းတယ်လိုု့ ပြောလုုိ့ ရသေးတယ်။ အခုုက အဲဒီမှာ စစ်ပွဲလည်း မဖြစ်ဘူး။ ကွတ်ခုုိင်ဘက်တော့ ဖြစ်တယ်။” ဟုု သူက ဆက်ပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆက်လက် စုံုစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီးထားသူများအား ချက်ချင်းပြန်လွတ်ပေးရန် တောင်းဆို ထားသည်။

ရွာသားများ ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ မဇ္စျိမက မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသုုိ့ ဆက်သွယ်မေးမြန်းရာ “ကျနော်တိုု့ မသိရပါဘူးခင်ဗျား။ တခြားဌာနကုုိ မေးရင် မေးပါ။” ဟုု တာဝန်ရှိသူတစ်ဦးက ပြန်ဖြေကြား သည်။

အဆိုပါရွာသားများ ဖမ်းခံရမှုနှင့်ဆက်စပ်ပြီး ၎င်းတို့အား မူဆယ်ဖက်သို့ဆောင်သွားကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကလည်း စက်တင်ဘာလ ၁၀ ရက်က သတင်းထုုတ်ပြန်ထားသည်။

TNLA တပ်ရင်း ၂၂၃ တပ်ဖွဲ့ နှင့် အစုုိးရစစ်တပ်၏ တပ်မ ၉၉ တုုိ့အကြား စက်တင်ဘာလ ၁၁ ရက်တွင် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအနီး တစ်နာရီခန့်ကြာ ရင်ဆိုင်တုုိက်ပွဲ ဖြစ်ပွားခဲ့သည်ဟုု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုုတ်ပြန်ထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...