NCA လက်မှတ်ရေးထိုးပြီးပါက စစ်ဘက်နှင့်နိုင်ငံရေးဆိုင်ရာများ အကောင်အထည်ဖော်မည်ဟု MPC ပြော

NCA လက်မှတ်ရေးထိုးပြီးပါက စစ်ဘက်နှင့်နိုင်ငံရေးဆိုင်ရာများ အကောင်အထည်ဖော်မည်ဟု MPC ပြော
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးပါက ၁၄ ရက်အတွင်း အကောင် အထည်ဖော်မှုဆိုင်ရာညှိနှိုင်းရေးအစည်းအဝေး JICM ခေါ်ယူကာ စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေး ဆိုင်ရာများကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC တာဝန်ရှိသူများက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား NCA လက်မှတ်ရေးထိုးနိုင်မည့်နေ့ရက်ကို မကြာမီညှိနှိုင်းသက်မှတ်မည်ဖြစ်သည့်အတွက် လက်မှတ်ရေးထိုးပြီးပါက ချက်ချင်းလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်း ရေးစင်တာ MPC တာဝန်ရှိသူများက စက်တင်ဘာ ၁၁ ရက်တွင် သတင်းမီဒီယာများအား အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“NCA လက်မှတ်ရေးထိုးပြီးရင် ၁၄ ရက်အတွင်းမှာ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး JICM ဆိုတာကို ကျွန်တော်တို့ ခေါ်ယူရမယ်၊ ဒါက အစိုးရကခေါ်မှာမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့ ဘက်ကကော အစိုးရဘက်ကကော ပူးပေါင်း ဖွဲ့ထားတဲ့ JICM က ခေါ်မှာ၊ ပြီးရင် အောက်ခြေမှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းမယ် ဘယ်သူမှားတယ်၊ ဘယ်သူက NCA စာချုပ်ကို ချိုးဖောက်နေလည်းဆိုတာ ကိုပေါ့၊ ပြီးရင် တခြား လုပ်ငန်းတွေကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားရမယ်”ဟု MPC အပစ်ရပ် စဲရေး အကောင်အထည်ဖော် ညှိနှိုင်းရေး ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

NCA လက်မှတ်ရေးထိုးမည့်ရက်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၂၉ ရက်နေ့တွင် ပြုလုပ်ရန် ကမ်းလှမ်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဘက်က အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးရေးရန် ပြန်လည်တင်ပြထားသည့်အတွက် တိကျသည့်နေ့ရက်ကို ပြန်လည် ညှိနှိုင်းဆွေးနွေးကြမည်ဟု MPC တာဝန်ရှိသူများက ဆိုသည်။
 
NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးဆိုပါက ၂၄ နာရီအတွင်း၌ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ၂ ဖက် သက်ဆိုင်ရာ တပ်မှူးများသို့ အကြောင်းကြားရန်၊ ၅ ရက်အတွင်း NCA တွင် ပါဝင်သည့် အချက်များကို သက်ဆိုင်ရာ ၂ ဖက်တပ်မှူးများ အဆင့်ဆင့်ကို ရှင်းလင်းအသိပေးရန်၊ ၁၄ ရက်အတွင်း အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး JICM ခေါ်ယူပြီး ရက်ပေါင်း ၃၀ အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကို ဖွဲ့စည်းကာ စစ်ဖက်ဆိုင်ရာကို စောင့်ကြည့်သွားရန်၊ အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ UPDJC ကို ဖွဲ့စည်းကာ နိုင်ငံရေးဆိုင်ရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံရေးဆွေးနွေးမူဘောင်များကို ရက်ပေါင်း ၆၀ အတွင်းရေးဆွဲကြမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း UPDJC က စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် အစိုးရကြား သဘောတူညီထားသည်ဟု MPC က ပြောသည်။

အလားတူ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင် ၉ တွေ့ဆုံဆွေးနွေးခဲ့ရာ NCA လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေးမူကို အဓိကထားဆွေးနွေးခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များက စက်တင်ဘာ ၁၀ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အနည်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် SD အဖွဲ့ဝင် ၁၇ ဖွဲ့ပါဝင်နိုင်ရေးကို အဆိုပြုတင်ပြထားသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA မူချောတွင် အချက် ၃၂ ချက်အား သဘောတူညီမှုရရှိထားသော်လည်း နောက်ဆုံးအချက် ၃၃ သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း၌ ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အား အစိုးရဘက်က ချန်လှပ်ထားသဖြင့် အပြီးသတ်လက်မှတ်ရေးထိုးရန် တစ််ဆို့နေရခြင်း ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...