နိုင်ငံရေးဆွေးနွေးပွဲတွင် ကိုယ်စားပြု ပါ၀င်မည့် အချိုးအပေါ် အစိုးရ၏ သတ်မှတ်ချက် မသိရသေး

နိုင်ငံရေးဆွေးနွေးပွဲတွင် ကိုယ်စားပြု ပါ၀င်မည့် အချိုးအပေါ် အစိုးရ၏ သတ်မှတ်ချက် မသိရသေး
by -
မဇ္ဈိမ
နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါ၀င်ဆွေးနွေးသင့်သည့် ကိုယ်စားပြုအချိုးအပေါ် အစိုးရဖက်က သတ်မှတ်ထားခြင်း မရှိသေးကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဌာန MPC အထူးအကြံပေး ဦးလှမောင်ရွှေက စက်တင်ဘာ ၁၁ ရက်တွင် မဇ္စျိမသို့ ပြောသည်။

စက်တင်ဘာ ၁၁ရက် နံနက် ၉နာရီခွဲ၊ MPC တွင်ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီး ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများအပေါ် သတင်းစာရှင်းလင်းပွဲမှ မဇ္စျိမ၏ မေးမြန်းမှု ကိုပြန်လည် ဖြေကြားခြင်းလည်းဖြစ်သည်။

“အရေးကြီးတာက အားလုံးလက်ခံနိုင်ဖို့ နောက်ဆုံးလက်မှတ်ထိုးပြီးလုပ်တဲ့ တရားဝင် အစည်းအဝေး မှာ သူတို့ တင်ပြလိမ့်မယ်။ တင်ပြလည်း တင်ပြတဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ အားလုံးညှိတဲ့ အဖြေ ဖြစ်မယ်။ အခုတောင် သမ္မတက ၂၉ရက်လို့ ပြောတယ်။ သူပြောတဲ့အတိုင်းမလုပ်ရဘူး ညှိရတယ်။ အဲဒီသဘောအတိုင်းပဲ။”ဟု ဦးလှမောင်ရွှေက မဇ္စျိမသို့ ပြောသည်။

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်များဖက်က နိုင်ငံရေးဆွေးနွေးမှုတွင် အစိုးရ၊ တပ်မတော် နှင့် လွှတ်တော်မှ ၃၃ ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီများမှ ၃၃ ရာခိုင်နှုန်းနှင့် တိုင်းရင်းသား လက်နက်ကိုင်များမှ ၃၃ ရာခိုင်နှုန်းတို့ ပါဝင်ဆွေးနွေးရန် ၎င်းတို့၏ နိုင်ငံရေးမူဘောင်အကြမ်းကို ပေးပို့ထားကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ရေးထိုးပြီးသည်နှင့် ၂၄နာရီအတွင်း စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များကို နှစ်ဖက်သက်ဆိုင်ရာ တပ်မှုးများထံအကြောင်းကြားခြင်း၊ ၅ရက်အတွင်း စာချုပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အဆင့်ဆင့်သို့ ရှင်းလင်းခြင်း၊ ၁၄ရက်အတွင်း အပစ်ရပ်စာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတို့ကို ဆောင်ရွက်ရမည်ဟု NCA တွင် ပါရှိသည်။

ယင်းအပြင် ရက်ပေါင်း ၃၀ အတွင်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ စောင့်ကြည့်လေ့လာရေးကော်မတီ လုပ်ငန်းလမ်းညွှန်ကို အကောင်အထည်ဖော်ခြင်း၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးမူဘောင် ရေးဆွဲခြင်းနှင့် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးမှုများကို စတင်ခြင်းတို့ ပြုလုပ်ကြရမည် ဖြစ်သည်။

“စာချုပ်ပါအတိုင်း နိုင်ငံရေးမူဘောင်ကို ရက်ပေါင်း ၆၀အတွင်းရေးရမယ်ဆိုတာအတော်ခက်ခဲတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာပဲအပြိုင် မူဘောင်အတွက် ဆွေးနွေးခဲ့တယ်။ အဲဒီထဲက အချက် ရ၅ ရာခိုင်နှုန်း လောက်ပြီး ပြီ။ ပါ၀င်မယ့်အချိုးကို ဆွေးနွေးဖို့လောက်ပဲ ကျန်တော့တယ်။”ဟု MPC ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

နိုင်ငံရေးပါတီ ၅၆ ပါတီ၊ UNA တိုင်းရင်းသားလူမျိုးများမဟာမိတ်၊ အာဏာရပါတီ ပြည်ခိုင်ဖြိုးနှင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း နိုင်ငံရေးမူဘောင်မူကြမ်းများ ရေးဆွဲထားသည်ကို သိထားရသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အစိုးရအဆိုပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့နှင့် အစိုးက NCA ကို အောက်တိုဘာပထမပတ်အတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...