ရန်ကုန် ပြည်ခိုင်ဖြိုးအမတ်များ မဲဆွယ်စည်းရုံးကာလ၏ ဒုတိယအပတ်မှသာ မဲဆွယ်နိုင်မည်ဟု ပြော

ရန်ကုန် ပြည်ခိုင်ဖြိုးအမတ်များ မဲဆွယ်စည်းရုံးကာလ၏ ဒုတိယအပတ်မှသာ မဲဆွယ်နိုင်မည်ဟု ပြော
by -
မဇ္ဈိမ
မဲဆွယ်စည်းရုံးရေး စတင်နိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ ခွင့်ပြုချက် တင်ပြထားဆဲဖြစ်သဖြင့် ရန်ကုန် ပြည်ခိုင်ဖြိုးအမတ်လောင်း များ၏ မဲဆွယ်စည်းရုံးမှုကို သတ်မှတ်ကာလ၏ ဒုတိယ အပတ်မှသာ စတင်နိုင်မည်ဟု ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးသာဝင်းက မဇ္စျိမသို့ ပြောသည်။

“ဥပဒေနဲ့အညီ လုပ်ရတယ်။ ဆိုင်းဘုတ်တင်ရင် စည်ပင်ကို အသိပေးပြီး ခွင့်ပြုတာကို လုပ်ရတာ။ ဟောပြောဖို့ကို ကော်မရှင်ကို တင်ပြီး ခွင့်ပြုချိန်၊ နေရာစောင့်ပြီးမှ လုပ်လို့ ရတယ်။ ဒီတစ်ပတ်အ တွင်းတော့ လှုပ်ရှားမှု သိပ်လုပ်နိုင်ဦးမှာ မဟုတ်သေးဘူး။ နောက်ဆုံးတစ်လ အလိုကျရင်တော့ အင်တိုက်အားတိုက် ဖြစ်လာလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးသာဝင်းသည်လည်း ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်သို့ ဝင်ပြိုင်မည့် အမတ်လောင်းတစ်ဦး ဖြစ်သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ရန်ကုန်တိုင်း လွှတ်တော်အတွက် ဝင်ပြိုင်မည့် ပြည်ခိုင်ဖြိုး အမတ််လောင်း ဦးဝင်းလှိုင်ကလည်း "ကျွန်တော်တို့ ခွင့်ပြုချက်တွေ တင်ထားတယ်။ အခုတော့ အရင်ပုံမှန်လုပ်သလိုပဲ တစ်အိမ်တက်ဆင်း ပြည်သူတွေရဲ့ အခက်အခဲတွေ၊ ဧည့်စာရင်းနဲ့ နေသူတွေ မဲစာရင်းလျှောက်ဖို့ လိုက်နှိုးဆော်နေတာ လုပ်နေတယ်"ဟု ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် အမတ်လောင်းများကို မဲဆွယ်စည်းရုံးရေးကာလအဖြစ် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားသည်။

မဲဆွယ်စည်းရုံးရေး ကာလအတွင်း မဲဆွယ်ဟောပြောမည့်သူများ၊ လှည့်လည်မဲဆွယ်မည့် အမတ်လောင်းများသည် ၎င်းတို့ ပြုလုပ်မည့် ရက်မတိုင်မီ ရ ရက် ကြိုတင်ကာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များသို့ အသိပေး လျှောက်ထားရမည်ဟု မဲဆွယ်စည်းရုံး မှု ညွှန်ကြားလွှာ ၁/၂၀၁၄ တွင် ထည့်သွင်းထားသည်။

“ကော်မရှင်ကို အသိပေးခိုင်းတာက လူနှစ်ယောက် ထပ်နေတာမျိုး၊ ပါတီနှစ်ခု ဖြစ်နေတာမျိုး၊ ခန်းမတစ်ခုတည်း အပြိုင်ဖြစ်နေတာတွေကို သက်ဆိုင်ရာနဲ့ ညှိနှိုင်းပေးချင်တာ။ မတင်လို့ သူတို့ဘာ သာလုပ်ရင် လည်းကိုယ်တိုင် တာဝန်ယူရမယ်”ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ညွှန်ကြားရေးမှူး စိုင်းကျော်သူက မဇ္စျိမသို့ ပြောသည်။

ပါတီများက သက်ဆိုင်ရာကော်မရှင်များကို အသိပေးတင်ပြပြီး ယင်းမှတစ်ဆင့် ကော်မရှင်က အသိပေးလာမှုပေါ် မူတည်ပြီး လိုအပ်သည့် လုံခြံုရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများက ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးရမည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ဌေးကလည်း ယခုလို ပြောသည်။

“အခုချိန်ထိတော့ ကျွန်တော့်အရှေ့ပိုင်းခရိုင်ထဲမှာ မဲဆွယ်စည်းရုံး၊ ဟောပြောပွဲတွေ လုပ်မယ်ဆိုပြီး ကော်မရှင်တွေက အသိပေးလာတာ မရှိသေးဘူး။ ရှိလာရင်တော့ ကျွန်တော်တို့က လုံခြံုရေးရနိုင်ဖို့ အခြေအနေတွေကို လုပ်ပေးရမှာပါ”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့၊ အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်မှ အမတ်လောင်း ၆,၀၀၀ ကျော်တို့က ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...