မြန်မာ့တပ်မတော် (ရေ) အတွက် ကမ်းရိုးတန်းသွား ကင်းစောင့်အမြန်ရေယာဉ်ကို ဗိုလ်ချုပ်မှူးကြီးစီးနင်းလေ့လာ

မြန်မာ့တပ်မတော် (ရေ) အတွက် ကမ်းရိုးတန်းသွား ကင်းစောင့်အမြန်ရေယာဉ်ကို ဗိုလ်ချုပ်မှူးကြီးစီးနင်းလေ့လာ
by -
မဇ္ဈိမ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော် (ရေ) အတွက် အစ္စရေးနိုင်ငံမှ မှာယူထားသည့် ကမ်းရိုးတန်းသွား ကင်းစောင့်အမြန်ရေယာဉ်ကို စက်တင်ဘာ ၈ ရက်နေ့က စီးနင်းလေ့လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေတပ်စခန်းဌာနချုပ်နှင့် ရေယာဉ်စုများအကြောင်း၊ စစ်ဘက်သုံးမော်တော်ယာဉ်များ၊ လေကြောင်းကာကွယ်ရေး ဆိုင်ရာများကိုလည်း လေ့လာကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၈ ရက်နေ့က Ashdod ရေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိစဉ် မြန်မာ့တပ်မတော် (ရေ) အတွက် မှာထားသည့် ကမ်းရိုးတန်းသွား ကင်းစောင့်အမြန် ရေယာဉ်နှင့် ပုံစံတူ FAC Super Dvora MK3 ရေယာဉ်အား စီးနင်းလေ့လာခဲ့သည်။

အစ္စရေးနိုင်ငံ၏ စစ်ဘက်သုံးမော်တော်ယာဉ်များလည်း ထုတ်လုပ်သည့် IAI RAMATA ၏ ဒုအကြီးအကဲ Mr. Nitzan Shaked နှင့်အတူ ပုံစံတူ ရေယာဉ်အား စီးနင်းလေ့လာခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် Ashdod ရေတပ်စခန်းဌာနချုပ်နှင့် ရေယာဉ်စုများ အကြောင်းကိုလည်း လေ့လာခဲ့ကြသည်။

ထိုမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂါဇာကမ်းမြောင်နယ်စပ်ရှိ Israel Village ဂါဇာဌာနချုပ်သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဂါဇာကမ်းမြောင်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းလည်း လှည့်လည်လေ့လာကြသည်။

Ashdod ရေတပ်စခန်းဌာနချုပ်သို့ မသွားရောက်မှ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံ ဆိုင်ရာမြန်မာသံရုံး ဖွင့်လှစ်ထားသည့် တဲလ်အဗီးမြို့မှတဆင့် Ashdod မြို့ရှိ ELTA Systems Ltd ကုမ္ပဏီသို့ ရောက်ရှိခဲ့ကြသေးသည်။

အစ္စရေးလေကြောင်းဆိုင်ရာစက်မှုလုပ်ငန်းစု Israel Aerospace Industries (IAI) ၏ လက်ခွဲဖြစ်ပြီး ရေဒါစနစ်ကို အထူးဝန်ဆောင်မှုပေးသည့်အပြင် ကာကွယ်ရေးပစ္စည်းများကိုလည်း ထုတ်လုပ်နေသည့် ELTA Systems Ltd ကုမ္ပဏီ အကြီးအကဲ Mr.Nissim Hadas ကကြိုဆိုပြီး ကုမ္ပဏီအတွင်း လှည့်လည်လေ့လာကြသည်။

တဲလ်အဗီးမြို့ရှိ Israel Aerospace Industries (IAI) သို့မူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ရ ရက် မွန်းလွဲပိုင်း၌ သွားရောက်လေ့လာခဲ့သည်။

Israel Aerospace Industries (IAI) ကို အစ္စရေးနိုင်ငံအဖြစ် စတင်ထူထောင်ပြီး ၅ နှစ်အကြာ ၁၉၅၃ ခုတွင် Bedek Aviation Company အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအသစ်တစ်နိုင်ငံအနေဖြင့် အိမ်နီးချင်း အာရပ်နိုင်ငံမျာ၏ ရန်မှ ကာကွယ်ရန် ရည်ရွယ်၍ စစ်ပစ္စည်းများထုတ်လုပ်ခဲ့သည်။ ကုမ္ပဏီသည် အစ္စရေးတပ်မတော် (လေ) နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အင်ဂျင်နှင့် ကာကွယ်ရေးဆိုင်ရာ လျှပ်စစ်စနစ်များ ထုတ်လုပ်နေကြောင်း သိရသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား Israel Aerospace Industries (IAI) ဥက္ကဌ Mr.Joseph Weiss မှ ကြိုဆိုပြီး IAI 3D War Scenario အား Power Point ဖြင့် ရှင်းလင်းသည် ကိုမေးမြန်း လေ့လာကြသည်။ Israel Aerospace Industries (IAI) အတွင်းလည်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီး Moshe Yaalon ၏ ဖိတ်ကြားချက်အရ အစ္စရေးနိုင်ငံ၏ အကြီးစား စက်မှုလက်မှု လုပ်ငန်းများကို လေ့လာရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အစ္စရေးနိုင်ငံ၌ စက်တင်ဘာ ၆ ရက်နေမှစ၍ ရောက်ရှိနေသည်။

ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ်မောင်မောင်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။a

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...