မဲဆွယ်ခွင့် စရသည့်နေ့တွင် မန္တလေးတိုင်းအတွင်း ပါတီကြီးနှစ်ခု အပြိုင်မဲဆွယ်

မဲဆွယ်ခွင့် စရသည့်နေ့တွင် မန္တလေးတိုင်းအတွင်း ပါတီကြီးနှစ်ခု အပြိုင်မဲဆွယ်
by -
မဇ္ဈိမ
နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီများအနေဖြင့် စက်တင်ဘာ ၈ရက်တွင် စတင်မဲဆွယ်ခွင့် ပြုလိုက်ပြီဖြစ်ရာ မန္တလေးတိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီတို့ အပြိုင်မဲဆွယ်စည်းရုံးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးသိန်းတန်က “မန္တလေးတိုင်း တစ်တိုင်းတည်း အောင်နိုင်ရေးအတွက် လုပ်နေတာ မဟုတ်ဘူး။ ဗမာတစ်ပြည်လုံးမှာ ငါတို့ NLD က အောင်နိုင်မှသာလျင် ပြည်သူ့လူထုဒုက္ခခံစားနေရတဲ့ ပြည်သူတွေရဲ့အရေးကို တို့သာလျှင် ကယ်နိုင်မယ်လို့ ယုံကြည်တယ်”ဟု မဲဆွယ်ခဲ့သည်။

ယင်းအပြင် “အခုလှည့်တာက အမတ်တွေအတွက် မဟုတ်ဘူး။ တို့ပါတီအတွက်ပဲ။ အားလုံးက NLD ကို မဲပေးကြမယ်ဆိုတာသိတယ်” ဟု ဆက်လက်ပြောခဲ့သည်။

အင်န်အယ်လ်ဒီပါတီက ပါတီတံဆိပ်ပုံအရုပ်ပါသည့် ကားပေါ်တွင် စည်းရုံးပြောဆိုမှု၊ တေးသီချင်း ဖျော်ဖြေမှုများဖြင့် မန္တလေးမြို့တွင် လှည့်လည် မဲဆွယ်ခဲ့သည်။ ထိုသို့ မဲဆွယ်စည်းရုံးမှုများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကလည်း စက်တင်ဘာလ ၈ ရက်တွင် မန္တလေးတိုင်းအတွင်း ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အလှပြယာဉ်များဖြင့် စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့သည်။

ထိုသို့ လှည့်လည်စည်းရုံးရာတွင် လမ်းမပိတ်စေရန်အတွက် စည်းကမ်းရှိစွာ လုပ်ဆောင်ကြရန် ကိုယ်စားလှယ်လောင်းများကို ညွှန်ကြားထားသည်ဟု တိုင်းဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးရဲမြင့် က မဇ္ဈိမသို့ ပြောသည်။

လက်ရှိအာဏာရပါတီ ကြံ့ခိုင်ရေးပါတီအနေဖြင့် ပါတီစည်းရုံးမှု လုပ်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေမှ သုံးစွဲသွားမည်မဟုတ်ဘဲ ပါတီရံပုံငွေမှသာ သုံးစွဲသွားမည်ဟု ဦးရဲမြင့်က ပြောသည်။

"ပါတီအတွက် လုပ်နေတဲ့အချိန်မှာ အစိုုးရကငွေကိုမသုံးပါဘူး။ အစိုးရကားလည်းမသုံးဘူး။ ကျွန်တော်တို့ ဝန်ကြီးတွေအားလုံး ဒါတွေအားလုံးက ကြ်ိုတင်ပြင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်သွား လာနေတဲ့ ပါတီကိစ္စနဲ့ သွားလာတာမှန်သမျှ အစိုးရကပေးတဲ့ကား ကျွန်တော်မစီးဘူး။ ကျွန်တော်တို့ အစိုးရလုပ်ငန်းတွေက ရပ်လို့မရဘူး။ အဲလိုရပ်လို့မရတော့ သူဟာသူသွားနေရမယ်။ သွားနေတဲ့ ကိစ္စရပ်တွေက တစ်ပိုင်းပါ။ ကျွန်တော်တို့ပါတီစည်းရုံးရေးက တစ်ပိုင်းပါ။ ဒါကို မရောယှက်သွားအောင် လည်း ကျွန်တော်တို့စီစဉ်ထားပါတယ်။ အစိုးရလုပ်ငန်းဆိုတာကလည်း ဒါဟာအစိုးရလုပ်ငန်း၊ ဒါဟာ အစိုးရလုပ်ငန်းဆိုပြီးတော့ လည်း ပြောပြနေရတယ်။ပြောပြပေးလိုက်တော့ လူထုက သိလာပါတယ်။ အဲဒီတော့ ဒါကို သံသယရှိစရာမလိုပါဘူး။”ဟု ဦးရဲမြင့်က ပြောသည်။

ယင်းအပြင် မန္တလေးတိုင်းအတွင်း ပါတီအောင်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များက နယ်မြေအလိုက် စည်းရုံးမှုကို သုံးရက်တစ်ဖြတ်စီသာ ခွင့်ပြုထားသည်ဟု သိရသည်။

“ကျွန်တော်တို့ကို ရွေးကောက်ပွဲကော်မရှင်က သုံးရက်ပဲခွင့်ပြုပေးထားတယ်။သူတို့ခွင့်ပြုထားတဲ့ ရက်အတိုင်းပဲ လုပ်သွားမှာပါ။”ဟု ဦးရဲမြင့်က ပြောသည်။

ယင်းသို့ ရက်ကန့်သတ်ခွင့်ပြုခြင်းက လုံခြံုရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး သုံးရက်ပြည့်ပါက ပါတီများအနေဖြင့် ခွင့်ပြုချက် ထပ်မံတင်ရမည်ဖြစ်ပြီး ဆက်လက်ခွင့်ပြုပေးမည်ဟု မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...