NLD အနေဖြင့် ဘာသာရေးသုံးပြီး မဲဆွယ်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

NLD အနေဖြင့် ဘာသာရေးသုံးပြီး မဲဆွယ်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု
by -
မဇ္ဈိမ
၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဘာသာရေးကို အသုံးပြုပြီး မဲဆွယ်မည် မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၆ရက်နေ့တွင် ကတိပြုပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးဟောပြောပွဲတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

“ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံ၊ တိုင်းရင်းသားတွေထဲမှာ ဗုဒ္ဓဘာသာ မဟုတ် သူတွေလည်း ပါတယ်။ ဒီလိုအခြေအနေမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ သဘောပေါက်တယ်။ ဒါကြောင့် အဲဒီစိုးရိမ်မှုတွေကနေ ပြည်သူတွေအားလုံးကို လွတ်မြောက်စေချင်တယ်”ဟု ဘာသာရေးအသုံးပြု မဲဆွယ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုပြောဆိုခဲ့သည်။

ယင်းအပြင် ပြည်သူများအကြားစိတ်ဝမ်းကွဲစေမည့် စည်းရုံးမှုအပြင် အခြားဥပဒေ၊ အခြေခံဥပဒေများ နှင့် ဆန့်ကျင်သည့် စည်းရုံးမှုများကိုလည်း NLD ပါတီဝင်များအနေဖြင့် မပြုလုပ်ကြရန်လည်း တိုက်တွန်းခဲ့သည်။

“ပြည်သူပြည်သားကြားမှာ စိတ်ဝမ်းကွဲစေမယ့် စည်းရုံးမှုမျိုးတော့ ကျွန်မတို့ဘယ်တော့မှ မလုပ်ပါဘူး။ ကျွန်မတို NLD ကလည်း မလုပ်ပါနဲ့။ စိတ်ဝမ်းကွဲစေတာဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို ထိခိုက်မှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကမူ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်ရေး ၎င်းတို့က ပြည်သူများအကြား အသိပေးပညာပေးမှုများကို ပြုလုပ်ရန်၊ မဘသ ၏ ဒုတိယ အကြိမ်မြောက် ညီလာခံက ထုတ်ပြန်ထားသည်။

ယင်းအပြင် တစ်ခြား ပါတီကိုယ်စားပြု ဝင်ရောက်သည့် အမတ်လောင်းအချို့ကလည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည်ဟု ဆိုကာ မဲဆွယ်စည်းရုံးမှု၊ ပါတီစည်းရုံးမှုများကို ပြုလုပ်နေကြသည်ဟု ပါတီအချို့တို့က ဝေဖန်နေကြသည်။

စက်တင်ဘာလ ၅ရက်၊ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွာသစ်ကျေးရွာတွင် “ပြည်သူလူထု ထံမှပြည်သူထံသို့” ခေါင်းစဉ်တပ်ကာ အမျိုးဘာသာသာသနာတော် တည်တံ့ထွန်းကား ပြန့်ပွားရေးအတွက် ကြိုးပမ်းမည်ဟုဆိုကာ ရိုက်နှိပ်ထားသည့် ယပ်တောင်များကို အမှတ် ၁၀ အမျိုးသားလွှတ်တော်သို့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မည့် လယ်/ဆယ်ညွှန်ချုပ်(ငြိမ်း)ဦးကျော်ဝင်းက ၎င်းကိုယ်စားပေးဝေကာ မဲဆွယ်ခဲ့သည်။

ယင်းအပြင် ဦးမြင့်လှိုင် လယ်/ဆည်ဝန်ကြီးကို မဲပေးရန် ရေးသားထားသည့် စာသားများပါသော ထီးအပြင် “ဒီမိုကရေစီဖော်ဆောင်ရေး ဒို့ကိုယ်စားလှယ်ကို မဲတွေပေး” စာတမ်းပါသည့် လက်ကမ်းစာစောင်ဖြင့်လည်း ဦးကျော်ဝင်းက ၎င်းအတွက်မဲဆွယ်မှုကို ပြုလုပ်ခဲ့သည်ဟု ဒက္ခိဏသီရိမြို့နယ် ဒေသခံများမှသိရသည်။

NLD အဖွဲ့ဝင်များက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြားဥပဒေနှင့် ညှိုစွန်းမည့်ကိစ္စများကို မပြုလုပ်ရန် အလွန်အရေးကြီးပြီး ညိစွန်းမှုမရှိပေမယ့်လည်း NLD အနေဖြင့် ခံရနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ်မှုများအတွက် ဖြစ်ပေါ်လာနိုင်ချေကို ဟိုပုံးမြို့ ရွေးကေက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် ဝေဖန်ပြောဆိုခဲ့သည်။

“တစ်ချို့အဖွဲ့တွေကျတော့ လွှတ်ရင်လွှတ်ထားမှာ။ လက်တွေ့ကျကျ ကျွန်မတို့နားလည်ရမယ်။ ကျွန်မတို့ဟာ တရားဥပဒေစိုးမိုးရေး ကိုလည်း ယုံကြည်တယ်။ တရားဥပဒေစိုးမိုးရေးက တိမ်းစောင်းရင် နိုင်ငံအတွက်မကောင်း သလို၊ အဖွဲ့ချုပ်ကိုလည်း အများကြီးထိခိုက်နိုင်တယ်။”ဟုလည်း သူမက ထပ်မံပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်မည့် လွှတ်တော် အမတ်လောင်းများသည် စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၆ရက်နေ့အထိ မဲဆွယ်စည်းရုံးမှုများကို တရားဝင်ပြုလုပ်ခွင့်ပြုထားသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၉၀မှ အမတ်လောင်း ၆၀၀၀ကျော် ဝင်ရောက်ရန် ပြင်ဆင်နေကြပြီး ယင်းတို့ထဲတွင် အာဏာရပါတီ ပြည်ခိုင်ဖြိုးနှင့် အတိုက်အခံပါတီ NLDတို့က မဲဆန္ဒနယ်အများဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...