ဝန်ကြီးဦးမြင့်လှိုင် နှင့် ညွှန်ချုပ်(ငြိမ်း)ဦးကျော်ဝင်းကို အင်န်အယ်လ်ဒီ ရဲစခန်းတွင် တိုင်ကြားမှုကို ရဲစခန်းဆောင်ရွက်ပေးခြင်းမရှိ

ဝန်ကြီးဦးမြင့်လှိုင် နှင့် ညွှန်ချုပ်(ငြိမ်း)ဦးကျော်ဝင်းကို အင်န်အယ်လ်ဒီ ရဲစခန်းတွင် တိုင်ကြားမှုကို ရဲစခန်းဆောင်ရွက်ပေးခြင်းမရှိ
by -
မဇ္ဈိမ
ထီး နှင့် ယပ်တောင်များပေးဝေကာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မဲဆွယ်သည်ဟုဆိုကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင် နှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်ဝင်းတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းက စက်တင်ဘာ ၆ ရက်နေ့၌ ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းတွင် တိုင်တန်းခဲ့သည်။

“ရဲအရေးအရေးပိုင်တဲ့အမှု မဟုတ်တဲ့အတွက် တိုင်ကြားစာကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါ”ဟု အဆိုပါရဲစခန်းမှ စခန်းမှူးက ဒုရဲမှူး စိုးဝင်းက မဇ္ဈိမသို့ ပြောသည်။

ဒက္ခိဏသီရိရဲစခန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်း ကိုသန့်ဇင်ထွန်း နှင့် သူ၏ ကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးတို့ သွားရောက်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“မနက်ဖြန်မှာ ပြည်ထောင်စုကော်မရှင်ရုံးချုပ်ကို ကျွန်တော်ရဲ့ ကိုယ်စားလှယ်ကနေ သွားရောက် တိုင်ကြားမှာပါ” ဟု ဦးသန့်ဇင်ထွန်းက စက်တင်ဘာ ၆ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းသည် စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးများအချို့တွင် “ဒို့အတွက် အမှန်တကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံ ဆန္ဒမဲပေးကြပါစို့”ဟု စာသားများ ထီးများကို ပေးဝေခဲ့ပြီး မဲဆွယ်ခဲ့သည်။

အလားတူ ဝန်ကြီးဦးမြင့်လှိုင်ကလည်း ဒက္ခိဏသီရိမြို့နယ် ရွာသစ်ရွာကျေးရွာတွင် ဆီ နှင့် ကျောင်းသုံး ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်) က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေး ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဗိုလ်ချုပ်ကြီး (ငြိမ်း)ဝဦးလှဌေးဝင်း(ဇေယျာသီရိ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင် (ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်(လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)နှင့် ဦကျော်ဝင်း(လယ်/ဆည် ငြိမ်း) (တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်-၁၀)တို့ ကို ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံသို့ စက်တင်ဘာ ရရက်နေ့တွင် တိုင်ကြားမည်ဟု လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက စက်တင်ဘာ ၅ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် စက်တင်ဘာ ၈ရက်တွင် စတင်ကာ တရားဝင်မဲဆွယ် နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်ပြစ်ဒဏ်များ အခန်း(၁၃) ပုဒ်မ ၅၈ (က)တွင် ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်သော်လည်း ကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြား အခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လဘ်ပေးခြင်း သို့မဟုတ် လဘ်ယူခြင်း ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...