နိုင်ငံကိုအကျိုးပြုတဲ့ အစိုးရလုပ်နိုင်မယ် ယုံကြည်ချက်နဲ့ ရွေးကောက်ပွဲဝင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံကိုအကျိုးပြုတဲ့ အစိုးရလုပ်နိုင်မယ် ယုံကြည်ချက်နဲ့ ရွေးကောက်ပွဲဝင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္ဈိမ
“နိုင်ငံကို အကျိုးပြုတဲ့ အစိုးရလုပ်နိုင်မယ်လို့ ယုံကြည်ချက်နဲ့ ရွေးကောက်ပွဲဝင်ခြင်းဖြစ်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၆ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်မတို့ အစိုးရလုပ်ချင်လို့ ဒီရွေးကောက်ပွဲထဲ ဝင်ပြိုင်တာပေါ့။ ကျွန်မတို့အစိုးရလုပ်ချင်တယ် ဆိုတာက ကျွန်မတို့အစိုးရတက်လာလို့ရှိ ရင် နိုင်ငံတော်ကို အကျိုးပြု လုပ်နိုင်မယ်လို့ ယုံကြည်လို့ ဒီယုံကြည်ချက်နဲ့ ကျွန်မတို့ရွေးကောက်ပွဲ ဝင်တာပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာပါက လယ်ယာမြေအရေးကို လက်ရှိအစိုးရထက် ပိုမိုဖြေရှင်းပေးမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးများအား ပေးထားသည့် ကတိများအား တည်အောင် လုပ်ဆောင်ဖြစ်ကြောင်းနှင့် ကတိတည်သော အစိုးဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အမျိုးသားဒီင်္မိုကရေစီအဖွဲ့ချုပ်အား ပြည််သူ မလိုလားခြင်း၊ လိုလားခြင်းရှိသည်ကို ရွေးကောက်ပွဲက အဖြေပေးသွားမှာဖြစ်ပြီး ပြည်သူ လိုလား၍ အရွေးချယ်ခံရပါသည်ဟု ဖွင့်ပြောစရာမလိုဟု ၎င်းက ပြောကြားလိုက်သည်။

“ပြည်သူလိုလားတယ်။ မလိုလားတယ်ဆိုတာ ရွေးကောက်ပွဲနေ့မှာ အဖြေပေါ်မှာပါ။ပြည်သူလိုလားလို့ ကျွန်မတို့ ဝင်ရွေးတယ်လို့ ပြောစရာမလိုဘူး။ ပြည်သူလိုလားလား၊ မလားဆိုတာ ရွေးကောက်ပွဲက အဖြေပေးမှာပဲ။ ကျွန်မတို့အနေနဲ့ ပြည်သူဆီက မဲတောင်းတဲ့အခါမှာ စည်းရုံးရေးလုပ်တဲ့အခါမှာ မှန်မှန်ကန်ကန်ပဲ ပြောချင်ပါတယ်။ ကျွန်မတို့အစိုးရဖြစ်ချင်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်နေတာပါ။ ပြည်သူလိုလားတယ်ဆိုတာ မဲနဲ့ပဲပြတယ်။ အဲဒါပဲပြောချင်တယ်”ဟု ပြောသည်။

ယင်းအပြင် တိုင်းရင်းသားလူမျိုးများအနေဖြင့် NLD ကို လက်တွေ့ မဲထည့်ရန် ၎င်းက စည်းရုံးခဲ့သည်။

“ကျွန်မတို့အခုလို တိုင်းရင်းသားဒေသတွေကိုလာပြီး ပြည်သူတွေနဲ့တွေ့ဆုံတဲ့အခါ ပြည်သူတွေရဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုကို သိပ်ပြီးတန်ဖိုးထားတယ်။ သိပ်ပြီးတန်ဖိုးထားတယ်ဆိုတာဟာ စိတ်ထဲမှာ ပီတိဖြစ်ရတယ်ပေါ့့။ ကျွန်မတို့ အနာဂတ်အတွက် မျှော်လင့်ချက်ပဲ။ တိုင်းရင်းသားတွေရဲ့ ညီညွှတ်မှုဟာ ကျွန်မတို့နိုင်ငံရဲ့ မျှော်လင့်ချက်ပဲ။ ဒီမျှော်လင့်ချက်မှာ အခြေခံပြီးတော့ ကျွန်မတို့ ဆက်ပြီး လုပ်သွားပါမယ်။ ကျွန်မတို့နဲ့အတူတူလက်တွဲပြီး လုပ်စေချင်ပါတယ်။ လုပ်ပါလို့လည်း ကျွန်မတို့အနေနဲ့ တိုက်တွန်းပါတယ်။”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စက်တင်ဘာ ၅ရက်က ပြုလုပ်ခဲ့ပြီး ၆ရက်နေ့တွင် ဟိုပုံးမြို့၌ ပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့အတွင်းရှိ ဘိန်းအစားထိုးသီးနှံစိုက်ခင်းကိုလည်း သွားရောက်ခဲ့သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...