“ပြည်သူကိုယ်စားပြုရွေးချယ်ထားတဲ့ လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေက အောင်မြင်တဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးတည်ဆောက် ရာမှာ အဓိကနေရာမှာရှိတယ်”ဟု ပရောဖက်ဆာ ဇိုတန်ဘရေနီက ပြောသည်။
စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဆိုသည်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော အရပ်ဘက် အစိုးရမှ စစ်တပ်ကို သူ့နေရာနှင့်သူရှိစေရန် ထိန်းကျောင်းခြင်းကို ဆိုလိုကြောင်း ဆွေးနွေးချက်များအရ သိရသည်။
လက်ရှိလွှတ်တော်တွင် ပြည်သူမှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များသာ ပါဝင်ခြင်း မရှိသည်သာမက စစ်တပ်မှခန့်အပ်သော စစ်သားလွှတ်တော်ကိုယ်စားလှယ်များမှာလည်း ၂၅ရာခိုင်နှုန်းစီ ပါဝင်နေသည်။ ထို့အပြင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး စသည့် အဖက်ဖက်တွင် စစ်တပ်မှ ပါဝင်ပတ်သက်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်ဆိုသော်လည်း ထိုကဲ့သို့စစ်တပ်၏ ပါဝင် ပတ်သက်မှု များခြင်းသည် ပြည်သူက စစ်တပ်ကို ထိန်းချုပ်နိုင်ရန်အတွက် အခက်ခဲဆုံး အခြေအနေဖြစ်နေကြောင်း ဆွေးနွေးပွဲတွင် ထောက်ပြပြောဆိုကြသည်။
“လာမယ့် ၂၀၁၅ မှာ တင်းမာမှုတွေ၊ စိန်ခေါ်မှုတွေ ရှိလာမယ်လို့မြင်တယ်၊ ဘာလို့လဲဆိုတော့ အင်စတီကျူးရှင်းတွေအရ ဒီမိုကရေစီမဆန်ဘူး၊ စစ်တပ်အင်အားက ကြီးနေတယ်၊ အဲဒီမှာ အရပ်သားတွေက နိုင်ငံရေးလောကထဲ ပို၀င်ရောက်လာတယ်၊ ရွေးချယ်ခံထားရတဲ့ အရပ်သားတွေက ပိုပြီး ခရီးဆက်ချင်တယ်။ ဒီဘက်က စစ်တပ်ကလည်းရှိနေတော့ အဲဒီနှစ်ခုကြားမှာ စိန်ခေါ်မှုတွေ ရှိလာမယ်” ဟု Burma Studies Centre(Yangon) တည်ထောင်သူ ကိုရဲမှ သုံးသပ်ပြောသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် လွှတ်တော်တွင်း ဆောင်ရွက်ချက်များအတွက် စစ်တပ်နှင့်ထိပ်တိုက်တွေ့ စေခဲ့သောကြောင့် စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီမှ ရာထူးဖြုတ်ချခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ကိုရဲက ဆက်လက် ပြောသည်။
ထိုသို့သော ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ရန် အချိန်တော်တော်များများယူကာ အပေးအယူ ညှိနှိုင်းမှုများ များစွာပြုလုပ်ရမည်ဖြစ်ကြောင်း ပရောဖက်ဆာဇိုတန်ဘရေနီက ပြောသည်။







