နေပြည်တော်မှ ဝင်ပြိုင်မည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) နှစ်ဦးနှင့် လက်ရှိဝန်ကြီးတစ်ဦးတို့အား အင်န်အယ်လ်ဒီ (နေပြည်တော်) က တိုင်ကြားရန် ပြင်ဆင်လျက်ရှိ

နေပြည်တော်မှ ဝင်ပြိုင်မည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) နှစ်ဦးနှင့် လက်ရှိဝန်ကြီးတစ်ဦးတို့အား အင်န်အယ်လ်ဒီ (နေပြည်တော်) က တိုင်ကြားရန် ပြင်ဆင်လျက်ရှိ
by -
မဇ္ဈိမ
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ကာလ မတိုင်မီ မဲဆွယ်စည်းရုံးသည်ဟု ဆိုသည့် နေပြည်တော် ကောင်စီနယ်မြေမှ အငြိမ်းစား ဗိုလ်ချုပ်ကြီး နှစ်ဦးနှင့် လက်ရှိအစိုးရဝန်ကြီးတစ်ဦးတို့အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(နေပြည်တော်)က တိုင်ကြားရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ယင်းအဖွဲ့ချုပ်မှ နေပြည်တော်ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူက ပြောသည်။

“အကြောင်းပြချက် ခိုင်ခိုင်မာမာနဲ့ တင်ပြတိုင်ကြားသွားမှာ ဖြစ်ပါတယ်”ဟု နေပြည်တော် စည်ပင်ဧည့် ရိပ်သာအတွင်း စက်တင်ဘာ ၅ ရက်တွင် သတင်းထောက်များနှင့်တွေ့ဆုံ ရှင်းလင်းရာ၌ ပြောကြားခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်)က ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံသို့ တင်ပြတိုင်ကြားမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံံ့ဖြိုးရေးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးလှဌေးဝင်း(ဇေယျာသီရိ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)၊ ဦးဝေလွင် (ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း)၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်(လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) နှင့် ဦကျော်ဝင်း (လယ်/ဆည် ငြိမ်း) (တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်-၁၀)တို့ ဖြစ်သည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းသည် စက်တင်ဘာလ ၄ ရက်က နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာများတွင် “ဒို့အတွက် အမှန်တကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံ ဆန္ဒမဲ ပေးကြပါစို့”ဟူသော စာသားများ ရိုက်နှိပ် ထားသည့် ထီးများကို ပေးဝေခဲ့ပြီး ဦးမြင့်လှိုင်နှင့်အတူ ၎င်းကိုပါ မဲပေးဖို့အတွက် မဲဆွယ်ကာလ မတိုင်ခင် မဲဆွယ်စည်းရုံးခဲ့ကြောင်း နေပြည်တော် NLD မှတာဝန်ရှိတစ်ဦးက ပြောသည်။

တစ်ဦးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်း(လယ်/ဆည် ငြိမ်း) သွားရောက်ခဲ့သည့် ဒက္ခိဏ သီရိမြို့နယ်ရှိ ကျေးရွာများသည် ပြည်ထောင်စုနယ်မြေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ တွင် ပါဝင်သည့် ကျေးရွာများဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

“တစ်ဘက်ကနေပြီးတော့ တရားမဲ့ပြုလုပ်လာရင်လည်း ဒီဟာကို ငုံ့ခံမနေဘဲနဲ့ ပြည်သူတွေကိုယ်စား၊ မဲဆန္ဒရှင်တွေကိုယ်စား၊ တစ်နည်းအားဖြင့် တရားဥပဒေစိုမိုးရေးနဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် တိုင်ကြားဖို့ပါ”ဟု ဦးမင်းသူက ပြောသည်။

အဆိုပါ မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီး၊ ဒုဝန်ကြီးများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀၊ ၁၂၁ နှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများကို ဇူလိုင်လ ၈ ရက်မှ စတင်ပြုလုပ်ခွင့်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်က ထုတ်ပြန်ထားသည်။

တဖန် အမတ်လောင်းများသည် ရက်ပေါင်း ၆၀(စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ) တရားဝင် မဲဆွယ်စည်းရုံးခွင့်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...