အပစ်ရပ် ဆွေးနွေးပွဲအောင်မြင်ဖို့ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များသို့ အရပ်ဘက်အဖွဲ့များ ပူးပေါင်းတိုက်တွန်း

အပစ်ရပ် ဆွေးနွေးပွဲအောင်မြင်ဖို့ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များသို့ အရပ်ဘက်အဖွဲ့များ ပူးပေါင်းတိုက်တွန်း
by -
မဇ္ဈိမ
သမ္မတ ဦးသိန်းစိန် အပါအဝင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသား အစည်းအရုံး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် တိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင် ရန်ဆွေးနွေးကြ မည်ဖြစ်ရာအောင်မြင် သည့်ဆွေးနွေးပွဲဖြစ်ရန် အရပ်ဘက် လူမှုအဖွဲ့အစည်း များက စက်တင်ဘာ ၃ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

"မိမိတို့ဘက်မှ လိုလားမှုများကိုသာ တရားသေ ဆုပ်ကိုင်ဆွေးနွေးခြင်းမျိုး မပြုလုပ်ကြဘဲ အတိတ် သမိုင်းက မအောင်မြင်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို သင်ခန်းစာယူလျက် သမိုင်းတွင်မည့် ကဗျည်းမော်ကွန်းတင်စေရန် နှစ်ဘက်ခေါင်းဆောင်ကြီးများ အနေဖြင့် ပြည်သူတို့အကျိုးကို ရှေးရှု၍ ငြိနှိုင်းဆွေးနွေးကြစေလို"ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ဗဟိုကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသို့ တိုက်တွန်းသည့် ပေးစာတွင် ဖေါ်ပြထားသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို ပါဝင် လက်မှတ်ရေးထိုးကြမည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီချက် မရသေးဘဲဖြစ်နေရာ ထိုအချက်ကိုလည်း စိုးရိမ်ပူပန်မိကြောင်း အဆိုပါ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဆိုသည်။

"ပါဝင် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်ပြီး နှစ်ဘက်၏ ခံယူမှုများ မတူညီမှုရှိနေသည့်အပေါ် ပြည်သူတို့အနေဖြင့် လွန်စွာ စိုးရိမ်ပူပန်နေကြပါသည်"ဟုလည်း ဖေါ်ပြထားသည်။

အပစ်ရပ်လက်မှတ်ထိုးမှုအောင်မြင်ရန် တိုက်တွန်းထားသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များမှာ Kachin Peace Network, Kachin Women Peace Network, အညာမြေပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ရေစကြိုမြို့)၊ ငြိမ်းဖောင်ဒေးရှင်း၊ ဒေါ်ထုဆန်၊ Justice and Peace Commission (CBCM), ဒေါ်ချယ်ရီနိုင်၊ ဦးရန်ကျော်၊ Smile Education တို့ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စက်တင်ဘာ ၉ ရက် နေပြည်တော်တွင် အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးကြမည်ဖြစ်သည်။ သမ္မတ၏ စက်တင်ဘာလရေဒီယို မိန့်ခွန်းတွင် သူ၏ သမ္မတ သက်တမ်းအတွင်း ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...