ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်သောကြောင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ်သည်ဟု ဦးအောင်မင်းပြော

ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်သောကြောင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ်သည်ဟု ဦးအောင်မင်းပြော
by -
မဇ္ဈိမ
လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကယားပြည်နယ်ကို ကျေးဇူးဆပ် ချင်သောကြောင့် ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဩဂုတ်၂၇ က ပြည်ထောင်စုလွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းသည် ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၇)တွင် အမျိုးသားလွှတ်တော်နေရာ အတွက် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရန် အမတ်လောင်းစာရင်း တင်ထားပြီးဖြစ်သည်။

“ငြိမ်းချမ်းရေးပြတ်ရင်လေ ကျွန်တော်အားလုံးကို တာ့တာလုပ်လို့ရတယ်။ ငြိမ်းချမ်းရေး မပြတ်သေးတော့ ငြိမ်းချမ်းရေး သံယောဇဉ်နဲ့ ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခြင်းဖြစ်တယ်။ ကယားပြည်နယ်ကို ဘာလို့ရွေးလည်းဆိုတော့ ကယားပြည်နယ်မှာ ကျွန်တော် အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးလို့ ကယားပြည်နယ်ကို ကျွန်တော်ကျေးဇူးပြန်ဆပ်ချင်တယ်”ဟု ဦးအောင်မင်းက ပြောသည်။

ဝန်ကြီးဦးအောင်မင်းသည် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ငူမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ပါတီကလည်း တစ်ယောက်ရွေးထားတယ်။ အဲ့တစ်ယောက် ရွေးထားတဲ့အခါကြတော့ ကျွန်တော်က တရားမျှမျှတတပဲ သူ့ကို ဦးစားပေးလိုက်တယ်။ ပေးလိုက်တော့ ကျွန်တော်က ရွေးချယ်စရာမရှိတော့ ကျွန်တော်က တစ်သီးပုဂ္ဂလ ဖြစ်သွားတာပေါ့ဗျာ” ဟု ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးအောင်မင်းက တသီးပုဂ္ဂလ ဝင်ပြိုင်ရသည့်အနေအထားကို ရှင်းပြသည်။

ဦးအောင်မင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)တွင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးရယ်၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဦးရောဘတ်ညေးရယ်၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)မှ ဒေါ်ပိုးမြာနှင့် ဝါရင့်အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်ကျော်စိုးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်ရှိတွင် ဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သလို အဆိုတော်ရဲလေး၏ ယောက္ခမ တော်စပ် သူလည်းဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...