တွန်းဇံမြို့၊ ဟားခါးလေးရွာ ရုတ်တရက်ရေကြီး၊ အိမ် ၅၉လုံးရေမြုပ်၊ လူနှစ်ဦးရေထဲမျောပါ

တွန်းဇံမြို့၊ ဟားခါးလေးရွာ ရုတ်တရက်ရေကြီး၊ အိမ် ၅၉လုံးရေမြုပ်၊ လူနှစ်ဦးရေထဲမျောပါ
by -
မဇ္ဈိမ
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ဟားခါးလေးကျေးရွာတွင်ရုတ်တရက် ရေကြီးလာကာ အိမ် ၅၉ လုံး ရေဖုံးလွှမ်းကာ လူ နှစ်ဦးရေစီးနှင့် မျောပါခဲ့ပြီး ၄င်းတို့အသက်သေ ဆုံးမှုရှိမရှိကို အတည် မပြုနိုင်သေးကြောင်း ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှုး ဦးထင်ကျော်အေးက မဇ္စျိမကို ပြောသည်။

၎င်းက “မနက် ၃နာရီလောက် နှုန်းတွေနဲ့ ရေတက်လာတယ်၊ ရေတော့ကျနေပြီ။ ဒါပေမယ့် နှုန်းတွေက ကျန်နေခဲ့တယ်။ အိမ် ၅၉ လောက်မြှုပ်နေပါတယ်။ မနေ့ကတော့ အဲဒီအပေါ်ဖက်တောင်ပေါ်ဖက်မှာ မိုးရွာတယ်၊ တောင်တွေ တော်တော်ပြိုတယ်ထင်တယ်။ အဲဒီအထက်ဖက် အခြေအနေကိုလည်း သွားကြည့်နေတယ်”ဟု ဆိုသည်။

နတ်မြောင်းချောင်းအတွင်း နွ့ံများစွာပါသည် ရေများဝင်ရောက် စီးဆင်းသဖြင့် ယင်းမြစ်ဘေးရှိ ဟားခါးလေးကျေးရွာရှိ နေအိမ် များရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ဟားခါးလေးကျေးရွာသည် ရာဇဂြိုဟ် ဆည်၏ အထက်ပိုင်းတွင် တည်ရှိသည်။

ရေရုတ်တရက်မြင့်တက်လာပြီး ရေပြန်ကျသွားသည့်အခါ နှုန်းများတင်ကျန်ခဲ့မှုကြောင့် အိမ်အလုံး ၅၉လုံးအထိ နွ့ံများနစ်မြုပ်နေပြီး ယင်းအိမ်ထောင်စုမှ မိသားစုဝင် ၃၁၀ကို ရေဘေးလွတ်ရာ အခြားနေရာသို့ ရွှေ့ပြောင်းပေးထားသည်။  ၎င်းတို့အတွက် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ ဖြစ်သည့် မိုးကာတဲ အလုံး ၆၀နှင့် ဆန်အိတ် ၂၀တို့ ကိုယူဆောင်ကာ သြဂုတ်လ ၂၈ရက် မနက်ပိုင်းတွင် ဖလမ်းမှ တွန်းဇံသို့ သွားရောက်ကယ်ဆယ်ရေး ပြုလုပ်နေကြောင်း ဦးထင်ကျော်အေးက ဆိုသည်။

နွ့ံနစ်မြုပ်မှုကို မျက်မြင်တွေ့ရှိရသည်ဟု ဆိုသည့် ဟားခါးကလေးရွာဘေးရှိ ရှယ်ထောဇံရွာမှ အလယ်တန်းပြ ကျောင်းဆရာ ဦးပြည့်စုံထွန်းက “ကျွန်တော်တို့ ၅ဖာလုံလောက်ကပဲ လှမ်းကြည့် လို့ရတယ်။ အိမ် ၄၊ ၅အိမ်လောက်ပဲ မြင်ရတော့တယ်။ ည ၂နာရီလောက်က ရေတက်ပြီး နွ့ံတွေပါ ပါလာတာ၊ တွန်းဇံနဲ့ဆိုရင် အဲဒီရွာက ၁၁၅မိုင်လောက် ဝေးတယ်”ဟု ဆိုသည်။

ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်း မိုးကြီးရေလျှံမှုကြောင့်လည်း ချင်းပြည်နယ် ဟားခါးအပါအဝင် မြန်မာ တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံ၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၁ ဒဿမ ၆သန်း ရေဘေးသင့်ကာ၊ လူ ၁၀၀ကျော် အသက်ဆုံးရှုံးခဲ့သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...