အဆိုပါ အထူးရဲများအား သင်တန်းပို့ချမည့် အထူးရဲနည်းပြ (အရာရှိ) ဆင့်ပွားသင်တန်း ဒုတိယ အကြိမ် အမှတ်စဉ် ၂/၂၀၁၅ ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံး၌ သြဂုတ် ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပလျှက်ရှိသည်။
ဆင့်ပွားသင်တန်း၌ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရှိ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့များက အထူးနည်းပြ ရဲအရာရှိ ၅၀ ဦးကို ပို့ချမည်ဖြစ်သည်။
အသစ်ခန့်မည့် မဲရုံလုံခြံုရေး အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာနှင့် ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး စံနှုန်းများနှင့် ကြေညာစာတမ်းများကို ပြန်လည်သင်ကြားပေးနိုင်ရေးအတွက် ဆွေးနွေးပို့ချသွားကြမည်။
ရဲမှူးကြီး ဝင်းဗိုလ်က ''အခုသင်တန်းဆင်းအရာရှိတွေက အထူးရဲတွေကို ပြန်ပို့ချပေးမှာပါ။ ရွေးကောက်ပွဲအတွက်ခေါ်ထားတာ အရံရဲ မဟုတ်ပါဘူး။ အထူးရဲလို့ ခေါ်ပါတယ်။''ဟု ရှင်းပြသည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ထောက်ကူရန် ရည်ရွယ်သည့် ယင်းဆင့်ပွားသင်တန်းဖွင့်ပွဲ၌ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်၊ ခရိုင်ရဲတပ်မှူးများလည်း တက်ရောက်ကြသည်ဟု နိုင်ငံပိုင်သတင်းစာက သြဂုတ် ၂၆ ရက်နေ့တွင် ဖော်ပြထားသည်။
သင်တန်းပို့ချပေးမည့် အထူးရဲနည်းပြ (အရာရှိ) ဆင့်ပွားသင်တန်းမှာ ပထမတစ်ကြိမ်တွင်လည်း အရာရှိ ၅၀ ဦး ပို့ချပြီးဖြစ်ပြီး၊ ယခု ဒုတိယအကြိမ်နှင့် နောက်ဆုံးအဖြစ် အရာရှိ ၅၀ ဦး တက်ရောက်နေသည်။
၎င်းတို့က ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာမြို့နယ်အလိုက် (ဆင့်ပွား) သင်တန်းများပေးကာ အောက်တိုဘာ ၂၀ ရက်နေ့မှစတင်၍ အထူးရဲများအား ပြန်လည်ပို့ချပေးကြမည်ဖြစ်သည်။
ဆင့်ပွားသင်တန်းများမှာ တိုင်းဝန်ကြီးချုပ်ရုံးမှ အစီအစဉ်ရေးဆွဲ၍၊ ရဲချုပ်ရုံးမှ သင်ကြားပေးခြင်းသာ ဖြစ်ပြီး EU အပါအဝင် နိုင်ငံတကာ အကူအညီမပါဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အလိုက် တွေ့ဆုံပြီး ရဲလုပ်ငန်းအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။
ကောက်ပွဲကျင်းပသည့်နေ့ မဲရုံအနီးတစ်ဝိုက် လုံခြံုရေးရယူရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးရဲ တပ်ဖွဲ့ ၄၀,၀၀၀ (လေးသောင်း) ခန့် ခေါ်ယူမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီက ဇွန်လ ၂၃ရက် တွင် မဇ္စျိမသို့ ပြောခဲ့ဖူးသည်။
အထူးရဲတပ်ဖွဲ့အဖြစ် အသက် ၁၈ နှစ်မှ ၅၉ နှစ်အထိ အရွယ်ရှိသူ အမျိုးသားများ လျှောက်ထားနိုင်သည်။







