နိုင်ငံသားစိစစ်ရေး ဘုတ်အဖွဲ့(ဘူးသီးတောင်မြို့) မှ အဖွဲ့လည်းဖြစ်၊ မြို့မိမြို့တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက “၁၉၈၂ ဥပဒေ ပုဒ်မ ၄၂ အရ နိုင်ငံပြုခွင့်ရဖို့ လျှောက်တဲ့နေရာမှာ သူတို့ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်ခင်က ရောက်တယ်ဆိုတဲ့ အထောက်အထားကို မတွေ့ရပါ။ သူတို့တင်ပြတာက သူတို့အမျိုးသားမှတ်ပုံတင် မိတ္တူနဲ့ လဝကရဲ့ မှတ်တမ်းဖြစ်တဲ့ (နိုင်-၁) ဆိုတဲ့ စာရင်းကိုပဲ တင်ပြပါတယ်။ ကျနော်တို့မူရင်းကို တောင်းတော့ လဝက က မတင်ပြနိုင်ပါ။ ပြီးတော့ ၄၈ ခုနှစ် (၇) အရ ဆိုရင်တော သူတို့ဟာ လဝကမှာ တစ်နှစ်ထက်မနည်း ငါးနှစ်ထက်မများ အချိန်မှာ နိုင်ငံသားဖြစ်ခွင့် လျှောက်ဖူးခဲ့ရမယ်။ အခုကျနော်တို့ အဲဒီ ၅ယောက် စိစစ်တော့ အဲဒီလိုလျှောက်လို့ မရှိတဲ့အတွက် သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် မရရှိခဲ့ပါ။”ဟု ပြောသည်။
ယခု စိစစ်နေခြင်းမှာ ၁၉၈၂ ခုနှစ် ဥပဒေနှင့် စိစစ်နေသော်လည်း ယင်းဘင်္ဂလီများကို ၁၉၄၈ ခုနှစ် ဥပဒေနှင့် စိစစ်ရန် ပြည်ထောင်စု အဆင့် လဝကဌာနက ကြိုးစားနေကြောင်း၊ သို့သော်လည်း ယင်း ၄၈ ခုနှစ်ဥပဒေမှာ ဖျက်သိမ်းထားပြီးပြီ ဖြစ်သည့်အတွက် ရခိုင်ပြည်သူတစ်ရပ်လုံးက လက်မခံကြကြောင်း ဦးထွန်းအောင်သိန်းက ဆိုသည်။
“၁၉၈၂ ခုနှစ်ဥပေဒနဲ့ မစိစစ်ဘဲနဲ့ ၄၈ ခုနှစ် ဥပဒေနဲ့သာ စိစစ်မယ်ဆိုရင် ရခိုင်ပြည်နယ် အတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်ဒေသခံတွေ စုပေါင်းပြီးတော့ ကန့်ကွက်စာတင်ထားပါတယ်။”ဟု ပြောသည်။
ဘူးသီးတောင်မြို့တွင် ရခိုင်တိုင်းရင်းသား ၁၃ ရာခိုင်နှုန်းရှိပြီး၊ ဘင်္ဂလီ ၈၂ ခုရာခိုင်နှုန်းရှိကြောင်း၊ အလားတူ မောင်တောတွင်လည်း ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာ ရှိကြောင်း ဦးထွန်းအောင်သိန်းက ပြောကြားသည်။







