ဟားခါးမြို့ပြောင်းရွှေ့ရေး ရှေ့လဆန်းတွင် ပညာရှင်များ အစီရင်ခံစာ တင်မည်

ဟားခါးမြို့ပြောင်းရွှေ့ရေး ရှေ့လဆန်းတွင် ပညာရှင်များ အစီရင်ခံစာ တင်မည်
by -
မဇ္ဈိမ
လူနေရပ်ကွက် ခြောက်ခုနီးပါး မြေပြိုကျမှု ကြံုတွေ့ခဲ့ရသည့် ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့၏ ဘူမိဗေဒ အနေအထားကို သတ္တုတွင်းဝန်ကြီးဌာနမှ ပညာရှင်များနှင့် ပြင်ပပညာရှင်တို့ လေ့လာလျက် ရှိပြီး ပညာရှင်များ၏ အစီရင်ခံစာကို စက်တင်ဘာ ပထမပတ်အတွင်း တင်သွင်းမည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

အဆိုပါ အစီရင်ခံစာအပေါ် မူတည်ကာ ချင်းပြည်နယ် အစိုးရအပါအဝင် မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ အဖွဲ့များနှင့် အဖွဲ့အစည်းခေါင်းဆောင်များကို လုပ်သင့်သည့် နည်းလမ်းများ ချပြကာ ရွှေ့ပြောင်းရန် သင့်တော်မည့်နေရာကို အစိုးရက အဆိုပြုမည်ဟု ဦးရဲထွဋ်က ဆိုသည်။

“အားလုံးရွှေ့ရမယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ တချို့လူတွေကတော့ လုံးဝ အန္တရာယ်ရှိတဲ့နေရာက လူတွေကတော့ ရွှေ့ပြောင်းရမယ်။ တချို့နေရာတွေကျရင်တော့ ရှိနေတဲ့ အန္တရာယ်ကိုလျော့ပါးသွား အောင်လို့ ကာကွယ်တဲ့ နည်းလမ်းတွေ ရှိတာပေါ့။ အဲ့ဒီ ကာကွယ်တဲ့နည်းလမ်းတွေ လုပ်ရမယ်”ဟု ဩဂုတ် ၂၄ ရက်နေ့ လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတောင်တန်းတွင် မြေပြိုခဲ့ပြီး အိမ်ထောင်စုပေါင်း လေးထောင်ကျော်ရှိ သည့် ဟားခါးမြို့တွင် အိမ်ခြေလေးရာကျော်  ပြိုကျပျက်စီးခဲ့သည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါ အနေအထားကြောင့် ဟားခါးမြို့၏ ဘူမိဗေဒ အနေအထားကို လေ့လာနိုင်ရန် ဒုတိယ သမ္မတ၏ ဟားခါးမြို့ခရီးစဉ်အပြီး ပညာရှင်များကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

“အတွေ့အကြံုရှိတဲ့ ပညာရှင်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟားခါးမြို့နေ ပြည်သူလူထုအတွက် အကောင်းဆုံး အဖြေတစ်ခုကို ရှာမှာပေါ့။ ဒါကိုတော့ အစိုးရတစ်ဘက်ထဲက တစ်ဖက်သတ်ဆုံးဖြတ်မှာ မဟုတ်ဘူး။ ဒီဒေသမှာရှိတဲ့ ပြည်သူတွေကို လည်း ရွေးချယ်ခွင့်ပေးမှာပေါ့။ ကျွန်တော်တို့က ရှင်းလည်း ရှင်းပြမယ်။ ဒီနေရာမှာ ဆက်နေရင်တော့ ဒီအန္တရာယ်ရှိတယ်။ ဒီဟာကို လျော့ဖို့ဆိုရင်တော့ လုပ်လို့ ရရင် လုပ်လို့ရတယ်၊ လုပ်လို့မရရင် လုပ်လို့မရဘူး။ ပြီးရင်တော့ ဘယ်လိုနေရာမှ ရွှေ့လို့ရမယ်။ ရွှေ့လို့ရတဲ့ အနေအထားမှာတော့ မြေအနေအထားက ဘယ်လိုရှိတယ်။ အစိုးရအနေနဲ့တော့ ဘာတွေ လုပ်ပေးမယ်။ ဒါကို အားလုံး ဝိုင်းစဉ်းစားရမှာပေါ့”ဟု ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့်လပိုင်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ပြည်သူပေါင်း ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု များပြားစွာ ရှိခဲ့သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...