အပစ်ရပ်စာချုပ်လက်မှတ်ထိုးရာတွင် တိုင်းရင်းသားအားလုံး ပါဝင်ရေး နှင့် သမ္မတ၊ ကာချုပ်တို့နှင့် ညှိနှိုင်းရန် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူ

အပစ်ရပ်စာချုပ်လက်မှတ်ထိုးရာတွင် တိုင်းရင်းသားအားလုံး ပါဝင်ရေး နှင့် သမ္မတ၊ ကာချုပ်တို့နှင့် ညှိနှိုင်းရန် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူ
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးမူကို ကြိုးပမ်းသွားရန်နှင့် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဆွေးနွေးညှိနှိုင်းသွားရန် သဘောတူဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ မှ ၂၄ ရက်ထိ လေးရက်ကြာ ကျင်းပသော အစည်းအဝေး၌ NCA တွင် အားလုံး ပါဝင် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ငါးဖွဲ့မှ ကိုယ်စားလှယ် ငါးဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မှ ၃ ဦး စုစုပေါင်း ၈ ဦးတို့အား နေပြည်တော်သို့ သွားရောက်၍ NCA ထပ်လောင်းဆုံးဖြတ်တာဝန်ပေး အပ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ အန်စီအေ လက်မှတ်ထိုးရေး၊ ထိုးမဲ့အဖွဲ့အစည်း ကိစ္စမှအပ အက်စ်ဒီနဲ့ အစိုးရတို့ နှစ်ဖက် သဘောတူခဲ့သော အန်စီအေကို ဆက်လက်ကူးကားရမည့် ဆုံးဖြတ်ချက်နဲ့ မှတ်တမ်းများ တို့ကို ဒီထိပ်သီး အစည်းအဝေးမှ တညီတညွတ်တည်း အသိပြုနိုင်ခဲ့ပါတယ်။ အီးအေအို အဖွဲ့ငါးဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များနဲ့ အက်စ်ဒီအဖွဲ့ သုံးခေါင်းဆောင်များ အန်စီအေ အပြီးသတ် ဆွေးနွေးနိုင် ရေးအတွက် ထိပ်သီးအစည်းအဝေးမှ ညီညီညွတ်ညွတ်နဲ့ ငြင်းခုံပေမဲ့ ချမှတ်နုုိင်ခဲ့ပါတယ်”ဟု KNU မူတူးစေးဖူး၏ အခမ်းအနား အပိတ်မိန့်ခွန်း ပြောကြားခဲ့သည်။

အားလုံး ပါဝင်လက်မှတ်ရေးထိုးရန် နေပြည်တော်သို့ သွားရောက်မည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့မှ ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌများ သွားရောက်ကြမည် ဖြစ်သည်။

KNU မှ ဥက္ကဋ္ဌ မူတူးစေးဖိုး၊ NMSP ဥက္ကဋ္ဌ နိုင်ထောမွန်၊ KIO မှ ဒုတိယ ဗိုလ်ချုပ် အင်ဘန်လ၊ KNPP မှ ဥက္ကဋ္ဌ အယ်ဘယ်တွဲ့၊ SSPP ၏ နာယက ဒုဗိုလ်ချုပ်ကြီး ဆေထင်တို့နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှ ခေါင်းဆောင်များဖြစ်သော ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလှဂျာနှင့် ပူးဇင်ကျုံးတုုိ့ သုံးဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တုုိင်းရင်းသား လက်ကိုင်အဖွဲ့အစည်းမှ ထိပ်သီးခေါင်းဆောင်တို့ သြဂုတ်လကုန်ပိုင်းတွင် အမြန်ဆုံး ရက်သတ်မှတ်၍ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းတို့၏ အစည်းအဝေး ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ NCCT တွင် ပါဝင်သော အဖွဲ့ ၁၆ ဖွဲ့နှင့်မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ၁၇ ဖွဲ့ကို NCA တွင် ပါဝင် လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး အစိုးရဘက်မှ လက်မခံပါက စစ်ရေး၊ နိုင်ငံရေး အာမခံချက် ရှိရေးအတွက် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။

“အားလုံးပါဝင်ရေးမူကိုတော့ ကျနော်တို့ တင်ပြမယ်။ ဒါပေမဲ့ တင်ပြလို့ နိုင်ငံတော်ဘက်က သူတိုု့ မူဝါဒအရ လက်ခံနုုိင်ငံ အစိတ်အပုုိင်းနဲ့ ကျနော်တုုိ့ဆက်လက် ညှိနှိုင်းမယ်။ မပါဝင်တဲ့အဖွဲ့တွေကိုလည်း ကျနော်တို့ တင်ပြသလို ကျနော်တို့ တင်ပြသလို စစ်ရေး၊ နိုင်ငံရေးအရ အာမခံရဖုုိ့ အဆင့်ဆင့်ပါဝင်နိုင်ဖုုိ့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသည် ညီညွတ်မှုကို ထိန်းသိမ်းမြှင့်တင်နိုင်ရုံမက ရှေ့ဆက် လုပ်ငန်းများကိုလည်း တညီတညွတ်တည်း သဘောတူချမှတ်ခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး နှင့် နိုင်ငံရေး ဆွေးနွေးမှုတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး တန်းတူညီတူ ဂုဏ်သိက္ခာရှိရှိ စည်းလုံုးညီညွတ်စွာနဲ့ အတူတကွ ဆက်လက် ပူးပေါင်းဆောင်ရွက်သွား ကြရန် မူတူးစေးဖူး၏ အစည်းအဝေး အပိတ်မိန့်ခွန်းတွင် တိုက်တွန်းပြောကြားခဲ့သည်။

သြဂုုတ်လ ၂၁ ရက်မှ ၂၄ ရက်ထိ လေးရက်ကြာ ကျင်းပသော အစည်းအဝေးကို ညီလာခံကဲ့သုုိ့ သတ်မှတ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့အနက် ၁၅ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...