မြေပြိုမှုကြောင့် ပျက်ဆီးဆုံးရှုံးသည့် အိမ်ထောင်စုများအတွက် မြေနေရာအစားထိုးပေးမည်

မြေပြိုမှုကြောင့် ပျက်ဆီးဆုံးရှုံးသည့် အိမ်ထောင်စုများအတွက် မြေနေရာအစားထိုးပေးမည်
by -
မဇ္ဈိမ
ချင်းပြည်နယ် ဟားခါးမြို့အတွင်းရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကာ ပျက်ဆီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများ အတွက် မြေနေရာများ အစားထိုးပေးအပ်မည်ဟု ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က သြဂုတ် ၂၃ရက်တွင် မဇ္ဈိမကို ပြောသည်။

"နှစ် ၃၀ စီမံကိန်းလျာထားတဲ့ ဧက ၂၀,၀၀၀ ထဲကနေ အိမ်ထောင်စုတစ်ခုကို ပေ၆၀၊ ပေ ၈၀ ပတ်လည် မြေကွက်ပေးမှာပါ။ အဲလိုပေးဖို့ သတ္တုတွင်းက လုပ်နေတဲ့ မြေအနေအထား စစ်ဆေးမှု ပြီးတာနဲ့ ပေးမယ်"ဟု ၎င်းက ဆိုသည်။

ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးမှုများနှင့် ချင်းပြည်နယ် ဟားခါးတွင်မူမြေပြိုမှုကြောင့် ဟားခါးမြိုပေါ်ရှိ ရပ်ကွက် ၄ခုနှင့် ကျေးရွာ ၁၇ရွာတို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ရေကြီး၊ မြေပြိုမှုကြောင့် လုံးဝပျက်ဆီး ဆုံးရှုံးသည့် အိမ်ထောင်စုပေါင်း ၄၈၀ခုကို ပထမဦးစားပေး၊ အက်ကွဲကြောင်းများဖြစ်ပေါ်ပြီး လူနေထိုင်ရန် မသင့်သည့်နေရာများတွင် ရှိနေသည့်အိမ်ထောင်စု ၃၇၅ ခုကို ဒုတိယ ဦးစားပေးနှင့် အန္တရာယ်ရှိသည့် နေရာအဖြစ် သတ်မှတ်ထားသူများကို တတိယ ဦးစားပေးအဖြစ် နေရာချထားပေးမည်ဖြစ်သည်။

တတိယ ဦးစားပေးဖြစ်သည့် အန္တရာယ်ရှိနေရာစာရင်းကိုမူ လက်ရှိအချိန်တွင် လိုက်လံကောက်ယူ နေသည့်အတွက် အရေအတွက် အတိအကျ မသိနိုင်သေးကြောင်း၊ ယင်းတို့အားလုံးအတွက် နေရာချထားပေးမှုကို လက်ရှိပြုလုပ်နေသည့် သတ္တုတွင်း ဝန်ကြီးဌာန၏ မြေယာစိစစ်မှုလုပ်ငန်းများ ပြီးဆုံးသည့် စက်တင်ဘာ ဒုတိယအပတ်အတွင်း စတင်ဆောင်ရွက်မည်ဟု ဦးစိုးနိုင်က ဆိုသည်။

သြဂုတ်လ ဒုတိယအပတ်အတွင်း ဟားခါးမြို့မြေနေရာအခြေအနေကို သွားရောက်စစ်ဆေးခဲ့သည့် ရန်ကုန် ဘူမိသိပ္ပံအသင်းမှု ဦးအေးလွင်ကမူ ချင်းပြည်နယ်မြေသားမှာ အခြားပြည်နယ်နှင့် တိုင်းများနှင့် နှိုင်းယှဉ်လျှင် အပေါ်ယံခိုင်မာမှု အားနည်းပြီး၊ အောက်ခံကျောက်သားမှာ သက်တမ်းနုသည်ဟု ဆိုထားသည်။

လက်ရှိတွင် ဟားခါးမြို့မှ မြေပြိုရေကြီးမှုခံစားရသည့် ရပ်ကွက်ပေါင်း ၄ခုနှင့် ကျေးရွာ ၁၇ရွာမှ လူဦးရေ ၅၀၃၀ ကို ဟားခါးမြို့တွင်ပင်၊ ကယ်ဆယ်ရေးစခန်း ရခုဖွင့်လှစ်ကယ်ဆယ်ထားသည်ဟု ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်း မိုးကြီးရေလျံ၊ မြေပြိုမှုဒဏ်ကို လူဦးရေ ၁ ဒဿမ ၆သန်းက ခံစားခဲ့ရပြီး၊ လူဦးရေ ၅၄၀,၀၀၀ မှာ စားနပ်ရိက္ခာ လိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားခြင်းစာနာ ထောက် ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(မြန်မာ)က ထုတ်ပြန်ထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...