ဦးမောင်မောင်သိမ်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ တာဝန်ယူ ထားရသူဖြစ်သည်။
ကော်မတီ အတွင်းရေးမှုး ဦးခင်မောင်ဦးက "သူများတွေထင်သလို ဖမ်းဆီးထိန်းသိမ်းထားတာ မရှိပါဘူး။ လွှတ်တော်စတဲ့နေ့ကတည်းက လွှတ်တော် လာတယ်။ ကော်မတီကိစ္စကတော့ လုပ်စရာ မရှိတော့ပေမယ့် ကော်မတီကို လာပါတယ်။ မနေ့ကထိတောင် ဖုန်းနဲ့အဆက်အသွယ်ရှိတယ်။ လွှတ်တော်ထဲမှာဆိုရင်လည်း ဦးသိန်းဆွေဘေးမှာ ထိုင်တာပါ။"ဟု ပြောသည်။
ဦးမောင်မောင်သိမ်းကို ဆက်သွယ်သော်လည်း ဆက်သွယ်နေကျဖုန်းနံပါတ်ကိုမူ သြဂုတ်လ ၁၃ရက်နေ့ မနက် ၁၀နာရီခွဲ အချိန်နောက်ပိုင်းမှစ၍ စက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရသည်မှာ ယနေ့ သြဂုတ် ၂၁ ရက် ညနေအထိ ဖြစ်သည်။
မဇ္စျိမက ၎င်းနှင့် ဆက်သွယ်မှုရရှိရန် စက်ပိတ်ထားသည့်ဖုန်းအပြင် ၎င်း၏ ကိုယ်ရေးအရာရှိဟု ယူဆရသူကိုပါ ဆက်သွယ်ခဲ့ရာ ဦးမောင်မောင်သိမ်းအနေဖြင့် နေအိမ်တွင်သာရှိပြီး တခြားမည်သည့် အကြောင်းအရာများကိုမျှ ပြန်လည်မဖြေကြားပေးနိုင်ကြောင်း သာ ပြောဆိုသည်။
ဦးမောင်မောင်သိမ်းသည် ယခင်တပ်မတော်အစိုးရလက်ထက်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦး ဖြစ်သည်။
သြဂုတ်လ ၁၂ရက် ညပိုင်းနှင့် ၁၃ရက်မှစတင်ကာ ပြည်ခိုင်ဖြိုးဥက္ကဌဖြစ်သည့် ဦးရွှေမန်းနည်းတူ အထွေထွေအတွင်းရေးမှုးတို့ကို တာဝန်မှ ရပ်ဆိုင်းခဲ့ပြီး ပါတီဝင်များအဖြစ်သာ ပြန်လည်သတ်မှတ်ခဲ့ သည်။ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို ဦးရွှေမန်းက ဖြူးမြို့နယ်နှင့် ဦးမောင်မောင်သိမ်းက ခရမ်းမြို့နယ် တို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ရွေးချယ်ခံကြမည်ဖြစ်သည်။







