ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နားလည်လွယ်မည့် အသုံးအနှုန်းမျိုး သုံးသင့်ဟု ပြော

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နားလည်လွယ်မည့် အသုံးအနှုန်းမျိုး သုံးသင့်ဟု ပြော
by -
မဇ္ဈိမ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် ပြည်သူများ နားလည်လွယ်မည့် အသုံးအနှုန်းမျိုးသာ သုံးစွဲသင့်ကြောင်းရွေးကောက် ပွဲလေ့လာ စောင့်ကြည့်ရေးပြုလုပ်နေသည့် ဖန်တီးအိမ် အဖွဲ့မှ ဦးဝင်းပိုက်မျိုးက မဇ္စျိမသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရက် ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအား ဩဂုတ်လ ၁၉ ရက်စွဲပါ အသိပေးနှိုးဆော်ချက်တွင် နည်းဥပဒေပါ ပုံစံ (၃-က) အတိုင်း "မိမိတို့ အစီအစဉ်ဖြင့်" ပြုစုဖြည့်သွင်း၍လည်း လျှောက်ထားနိုင်ပါသည်ဟု ပါရှိသည်။

ယင်း "မိမိတို့အစီအစဉ်ဖြင့်" ဆိုသည့် စကားရပ်ကို အခြေခံ၍ မေးမြန်းခဲ့မှုအပေါ် အကြံပြုဖြေကြားခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်များအား တိတိကျကျမရေးလျှင် နားလည်မှုလွဲနိုင်ကြောင်း၊ အဓိပ္ပာယ်ဖွင့်ပေးရန်လိုပြီး ဥပဒေပြုသည့်သူက နားလည်သော်လည်း အသုံးပြုသူ ပြည်သူများအတွက် အခက်အခဲရှိနိုင်သည်ဟု ဦးဝင်းပိုက်မျိုးက ပြောသည်။

''အလွယ်ဆုံးတော့ လုပ်ထားမယ်။ ပြည်သူတွေ ဘယ်လောက်နားလည်မှု ရှိနိုင်မလဲ။ ပြည်သူတွေအသံ နားထောင်ဖို့ လိုပါတယ်။ ချက်ချင်း သို့မဟုတ် အချိန်ယူပြီး ပြင်ဆင်မျိုးတွေလဲ လိုအပ်တယ်။''ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းနိုင်ဦးကမူ "မိမိတို့ အစီအစဉ် ဖြင့်" ဆိုသည်မှာ ရပ်/ကျေးရုံးတွင် ပုံစံ(၃-က) သွားယူပြီး လက်ရေးနှင့်ဖြစ်စေ အချို့ကလက်ရေး မလှသောကြောင့် ကွန်ပြူတာနှင့် ဖြစ်စေရေးပြီးနောက် ရပ်/ကျေးရုံးသို့ ပြန်ပေးပို့ရမည်ကို ဆိုလိုသည်ဟု ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြိုနယ်မှ ပုံစံ(၃-က) လျှောက်မည့် မဲဆန္ဒရှင်တစ်ဦးက ''မိမိတို့အစီအစဉ်ဖြင့် ပြုစုဖြည့်သွင်းလျှောက်လို့ ရတယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ။ အိမ်မှာနေပြီး Online ကနေ လျှောက်တာလား။ အဓိပ္ပါယ် သေချာမရှင်းဘူး။''ဟု ပြောသည်။

ဦးဝင်းပိုက်မျိုးကမူ ''တချို့ဖောင်တွေက သူတို့ပေးတဲ့ ဖောင်နဲ့ဖြည့်တာ ပိုကောင်းတယ်။ အဲ့ဒီမှာ လိုဂိုတွေပါတယ်။ ဖြည့်ပြီး လက်မှတ်ထိုးပြီး ပြန်ပေးရတာမျိုး ရှိတယ်။ ကွန်ပြူတာနဲ့ရိုက်လို့ ရတယ်ဆိုတာ ပုံစံထဲမှာပါတဲ့ အချက်အလက်ပါရင် လက်ခံတယ်ဆိုတဲ့သဘောပါ။''ဟု ပြောသည်။

ယင်းကဲ့သို့ နည်းဥပဒေပါ ပုံစံ(၃-က) ဖြင့် မဲစာရင်းထည့်သွင်းပေးရန် လျှောက်ထားခြင်းကို ကော်မရှင်က ကြေညာထား သည့် အောက်တိုဘာ ၁၀ ရက်နောက်ဆုံးထား ပြီးလျှောက်ထားကြရန် နှိုးဆော်ထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...