လိပ်ကျွန်းအမှု တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးခဲ့

လိပ်ကျွန်းအမှု တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးခဲ့
by -
မဇ္ဈိမ
ထိုင်းနိုင်ငံတောင်းပိုင်း ဆူရတ်ဌာနီခရိုင် ကော့သောင်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုငံသား နှစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသူ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအမှု ဩဂုတ်လ ၁၉ ရက်က တရားလိုပြသက်သေ ၃ ဦးဖြစ်သည့် ကော့စမွေဆေးရုံမှ ဆရာဝန် တစ်ဦး၊ ကော့စမွေးမှ အပြင်ရှေ့နေ တစ်ဦး နှင့် ဘာသာပြန် မွန်စလင်လူမျိုး ခမာ ဆိုသူတို့ကို စစ်ဆေးခဲ့သည်။

တတိယအကြိမ် ကော့စမွေခရိုင် တရားရုံးတွင် စစ်ဆေးမှုတွင် နှစ်ရက်တာ ဒီအန်အေ စစ်ဆေးမှု၌ လည်း ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“သူတို့က ဒီဆရာဝန်က ရင်ဘတ်နားက ပစ္စည်းတွေ့ရတယ်ဆိုတာပဲ။ ရှေ့နေကတော့ ရဲနဲ့အတူ ကလေးတွေ ဖြောင့်ချက်ပေးတုန်းက သူ့ကို ရဲက ခေါ်လို့ သွားဖူးပါတယ်။ ကလေးတွေ ဖြောင့်ချက် ပေးပါတယ်ဆိုတာ ပြောပါတယ်။ ဘာသာပြန်က ပြစ်မှုကျုး လွန်တယ်ဆိုတဲ့ ပုံစံမျိုးလေးတွေ ထွက်ဆိုပါတယ်။

သူကိုယ်တိုင်က လိမ်တယ်ဆိုတာ တွေ့ရတယ်။ သူတို့ ဝန်ခံပြီး ပြန်ပြောပြတယ်။ ဒီကလေးတွေ ပြောတာကို မှတ်တမ်းတင်ထားတယ်ပေါ့”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

“ဒါက ဘာသာပြန်တာရယ်။ ကလေးတွေကလည်း ရခိုင်ဖြစ်နေတော့ ဒီလို မွတ်စလင်လူမျိုးက ဘာသာပြန်တာကတော့ သံသယပါ၊ ဒီလိုလူမျိုးဘာသာပြန်တဲ့အပေါ် မူတည်ပြီးတော့ ခံဝန်ချက်ကို ရဲစခန်းမှာ ဖြောင့်ချက်ပေးရတာပါ။ ဒါတောင်မှ ၂ ရက် ၁၀ လ၊ ၂၀၁၄ မှာ ဖြောင့်ချက်ယူတုန်းက ဒီအန်အေ မပါပါဘူး။ တရားဝင်ဖြစ်အောင်လို့ ခုနက ပြောတဲ့ ရှေ့နေကို ခေါ်ပြီးတော့ ၃ ရက် ၁၀ လ ၂၀၁၄ မှာ တခါထပ်ပြီးတော့ ဝန်ခံခဲ့တဲ့သဘောပါ”ဟု သူက ဆက်လက် ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်ကလည်း တတိယအကြိမ် ပထမနေ့ ရုံးထုတ်စစ်ဆေးမှုတွင် ထိုင်းရဲတပ်ကြပ်ကြီး နှင့် ရဲမှူးကြီးများ အပါအဝင် ရဲဝန်ထမ်း ၄ ဦးကို စစ်ဆေးခဲ့ရာ ဒီအန်အေ စစ်ဆေးချက်သည် လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“မနေ့က ရဲ လေးယောက်စလုံးက ဒီကလေးတွေရဲ့ တံတွေးကို ဒီအန်အေအတွက် စစ်ပေးတာ။ သူတို့ကို ၁၆ ရက် ၉ လ ၂၀၁၄ ကနေ ၃ ရက် ၁ဝလ ၂၀၁၄ ဆိုပြီး အချိန်ပေးပြီးတော့ အထက်ကနေ စစ်ဖို့ အမိန့်ပေးထားတာပါ။ အဲဒီအချိန်မှာ သူတို့ လက်ထဲမှာ နယ်ခံတွေရှိနေတယ် နယ်ခံတွေ ဒီအန်အေ ယူပေးတယ်ဆိုတဲ့ သဘောပါ။

အဲတော့ ပြီးခဲ့တဲ့ ၂၄ ရက်က ရဲမှူးကြီး ဆရာဝန်ရဲ့ စစ်ချက်မှာဆိုရင် ကျနော်တို့ ၂ ရက် ၁၀ ရက် ၂၀၁၄ က ပို့တဲ့ ဒီအန်အေကို စစ်ကြည့်ရပါတယ်လို့ ပြောပါတယ်။ အဲဒီတော့ ရှိနေတဲ့ ကိစ္စတခုက ဘာလဲဆိုတော့ တရားခံတွေကို ဖမ်းပြီးမှာ ဒီအန်အေကို ပို့တယ်။ ဒီအန်အေကို မူခင်း ဆရာဝန်တွေက စစ်ပေးရပါတယ်ဆိုတဲ့အချက် ပေါ်သွားပါတယ်။ အဲဒီလို ပေါ်သွားတဲ့အတွက်ကြောင့်မို့ ဒီအန်အေ လုပ်ထုံး လုပ်နည်းအရ ဒီဟာကို ပျက်ပယ်တယ်လို့ ပြောချင်တာပါ”ဟု သူက ပြောသည်။

“တစ်အချက်က တရားခံတွေကို ဖမ်းပြီးမှ အဲဒီ ဒီအန်အေနဲ့ သက်သေခံပစ္စည်းတွေကို လုပ်ယူလို့ ရသွားပါပြီ။ နှစ်အချက်က ဒီအန်အေတခုထဲကိုဘဲ နှစ်ခုခွဲပြီးတော့ သေတဲ့လူဘက်က လူရဲ့ ဒီအန်အေနဲ့ တရားခံရဲ့ ဒီအန်အေပါလို့ ပြောခဲ့ရင်လည်း ဒီအဖြေက တူတဲ့ ဒီအန်အေ ထွက်မှာပါ။ ဒီနှစ်ချက်က တရားခံဖမ်းပြီးမှ ဒီအန်အေယူတဲ့ စစ်ချက်တွေပါ”ဟု သူက ပြောသည်။

ယမန်နေ့က ရုံးချိန်းတွင် ထိုင်းတရားရေးရာဝန်ကြီးဌာန လက်အောက်ခံ မူခင်းဆေးသိပ္ဗံဦးစီးဌာန ဝန်ထမ်းနှစ်ဦးက မြန်မာလုပ်သား ၂ ဦး၏ တံတွေး ဒီအန်အေကို ပြန်ယူသွားပြီး ၎င်းတို့၏ ဒီအန်အေကို ထိုင်းမှုခင်းဆေး သိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာဖွန်းထစ်ကိုယ်တိုင် အားပါက လာမည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထိုင်းစစ်တပ်က တရားလို ပြုလုပ်၍ တရားလိုပြ သက်သေ စစ်ဆေးမှုကို ဩဂုတ်လ ၁၈ ရက်မှ ၂၁ ရက်ထိ ပြုလုပ်မည် ဖြစ်ပြီး လူသတ်မှုတွင် တရားလိုပြ သက်သေပေါင်း ၆၅ ဦး စစ်ဆေးမည် ဖြစ်ကာ ဒုတိယနေ့ထိ ၂၀ ဦး စစ်ဆေးခဲ့ပြီး ဖြစ်သည်။

ထိုစစ်ဆေးခဲ့မှုများထဲတွင် မြန်မာလုပ်သား နှစ်ဦး လူသတ်မှု ကျူးလွန်ကြောင်း အထောက်အထား ခိုင်လုံသည့် သက်သေအထောက်အထားများ မထွက်ဆိုနိုင်သေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကပြော ဆိုသည်။

လက်ရှိ မြန်မာလုပ်သားနှစ်ဘက်မှ မြန်မာဘာသာကျွမ်းကျင်စွာ ဘာသာပြန် ဆရာတစ်ဦး (သက္ကသိုလ်မှ)အရေးတစ်ကြီး လိုအပ်နေပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘန်ဂါလီနှင့် ရခိုင်ပြဿနာကို ဂဏစွာ ပြောဆိုနိုင်သည့် ပုဂ္ဂိုလ် အရေးတစ်ကြီး လိုအပ်နေသည်ဟု ရှေ့နေ ဦးရွှေမျိုးသန့်က ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိသျှလူမျိုး ခရီးသည်များ ဖြစ်သော အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝီသာရစ် (Hannah Witheridge )နှင့် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ(David Miller)တို့ သတ်ဖြတ်ခံခဲ့ရမှုဖြင့် မြန်မာ အလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ အဓမ္မကျင့်မှုတို့ အပါအဝင် အမှုပေါင်း ရ မှုဖြင့် တရားစွဲဆိုထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...