၎င်းက "တိုင်းတစ်ခုလုံးကို စာရင်းကောက်ပြီး ရိက္ခာထောက်ပံ့ရင်ဘယ်လောက်ထောက်ပံ့ရမယ်။ ပြန်လည်ပြုပြင်ရေးအတွက် ပျက်စီးစာရင်းအဲဒီလိုအစရှိတဲ့ဟာတွေကို လိုက်ကောက်တာပါ။ လက်ရှိ တော့ မျိုးစပါးတွေ၊ မြေဩဇာ၊ စိုက်ပျိုးဖို့ ပစ္စည်းတွေကိုတစ်တိုင်းလုံးပေးတာလည်းရှိပါတယ်"ဟု ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့်နေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ရေကြီး နစ်မြှုပ်မှုအပြီး ဖြစ်ပေါ်ခဲ့သည့် အမှိုက်များသိမ်းဆည်းမှုကိုလည်း ဒေသခံစည်ပင်နှင့် ဆည်မြောင်းဝန်ထမ်းများဖြင့် ဆောင်ရွက်နေသည်ဟု ဦးဝင်းမြိုင်က ပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်နေ ဦးသူရက "ပြန်လည်ထူထောင်ရေးကတော့ လမ်းပေါ်က အမှိုက်တောင် ခုထိ ပြောင်အောင် မထုတ်နိုင်သေးပဲ အမှိုက်ပုံ အနံ့ဆိုးတွေကို ပတ်ဝန်းကျင်ပြည်သူတွေ ခါးစည်းခံနေရတယ်။ ထိရောက်တဲ့ လုပ်ဆောင်မှု မရှိဘူး" ဟု မဇ္စျိမကိုပြောသည်။
ကလေးမြို့နယ်အတွင်း စည်ပင်နှင့် ဆည်မြောင်းက အမှိုက်သိမ်းသည်ဟု ဆိုသော်လည်း ရေကြီး နစ်မြှုပ်ခံအိမ်များမှ ထွက်ရှိလာသည့် အမှိုက်များကို သိမ်းဆည်းနိုင်ခြင်းမရှိပဲ လမ်းဘေးဝဲယာတွင်သာ ဆက်လက်ထားရှိထားဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။
ရေဝင်နစ်မြှုပ်မှုပြီးနောက် ကျန်ရှိခဲ့သည့် နှုန်းမြေများကိုဒေသခံပြည်သူများကသာ မိမိငွေအရင်းအနှီး များဖြင့်သာ ပြန်လည်ဆယ်ယူရ ကာငွေကြေး ကုန်ကျခံနိုင်သူများသာ ပြုလုပ်နိုင် ပြီးငွေကြေးအကုန် ကျမခံနိုင်သူများအတွက် မူပြန်လည်ဆယ်ယူနိုင်ခြင်း မရှိကြောင်း ကလေးမြို့ အောင်မြေပန်ရပ်ကွက်နေ ဒေါ်တင်တင်ဌေးက မဇ္စျိကို ပြောသည်။
၎င်းက "လမ်းကနေ ၁၇ပေလောက်ထိရေတက်တော့ အိမ်အပေါ်ထပ်ကို ၆ပေထိရေရောက်တယ်၊ ရေပြန်ကျတော့ နှုန်းတွေပြန်ဆယ်ရ တာလူ ၁၂ယောက်၊ ရေစုပ်စက်တွေဌားပြီးလုပ်ရတာ၊ ၂သိန်းကျော် ကုန်တယ်။ မလုပ်နိုင်သူ တွေဒီတိုင်းထားကြတုန်းပဲ၊ မြို့နယ်ရုံးလည်းမြုပ်တယ် အမှိုက်ကျုံးတာကလွဲပြီး ဘာလုပ်ပေးတာမှတော့ မသိဘူး" ဟု ဆိုသည်။
ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်အတွင်း ရေကြီးမြေပြို ဘေးသင့်သူ စုစုပေါင်း ၁ ဒဿမ ၅ သန်းခန့်ရှိပြီး ယင်းတို့မှ အိမ်ထောင်စုပေါင်း ၁၅,၂၉၈ ရေမျောပါ ပျက်စီးကာ ပြောင်းရွှေ့နေထိုင်ရသူ ၃ သိန်း ၂ သောင်းကျော် ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ် အစားအစာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင်စုစုပေါင်း ထောက်ပံ့ငွေ ၅၇၄၁,၃၃၄,၀၈ ကျပ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လ အတွက်ထောက်ပံ့ပေးမည် ဟုအစိုးရကနိုင်ငံပိုင်သတင်းများမှ ထုတ်ပြန်ထားသည်။
ရေကြီးရေမြှုပ်မှုကယ်ဆယ်ရေးအတွက် အမေရိကန်၊ ဂျပန်၊ ဒိန်းမတ်၊ အီတလီ၊ ချက်ရီပတ်ပလစ်၊ ကနေဒါ၊ ဩစထြေးလျ၊ ဥရောပကော်မရှင်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ် နိုင်ငံအစိုးရများနှင့် ပြည်တွင်းပြည်ပ အဲန်ဂျီအိုများ၊ လခြမ်းနီကြက်ခြေနီ အဖွဲ့၊ မြန်မာကြက်ခြေနီ၊ မြန်မာ့တပ်မတော် စသည်တို့ကလည်း ငွေအား လူအားဖြင့် ကူညီဆောင်ရွက်နေကြသည်။







