ရေဘေးသင့် ရခိုင်ပြည်သူများကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန် လိုအပ်

ရေဘေးသင့် ရခိုင်ပြည်သူများကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန် လိုအပ်
by -
မဇ္ဈိမ
သဘာဝဘေးအန္တရာယ်ကြောင့် ရေဘေးသင့် ရခိုင်ပြည်သူများမှာ လယ်ယာမြေများနှင့် ငါးဖမ်း လုပ်ငန်းများကို အဓိက အားထားပြီး လုပ်ကိုင်စားသောက် နေရသောကြောင့် ယင်းလုပ်ငန်းများမှာ ပျက်စီးသွားသည့်အတွက် ဘဝတစ်ခုလုံး ပျက်စီးသွားသလို ခံစားနေရသောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများကို မြှင့်တင်ရန် လိုအပ်နေကြောင်း သိရသည်။

ရေဘေးသင့် ဒေသများဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့ ကယ်ဆယ်ရေးသွားပေးခဲ့ သည့် ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးခိုင်ကောင်းစံက လက်ရှိမြေပြင် အခြေအနေကို ယခုကဲ့သို့ ရှင်းပြသည်။

“ဒေသခံတွေက အပိုင်းနှစ်ပိုင်းကို ခံစားနေရတယ်။ နဂိုကပင် ဒေသခံတွေက လယ်ယာလုပ်ငန်း ငယ်လေးကိုပဲ သက်မွေးဝမ်းကျောင်း ပြုနေရတယ်။ ကျွန်တော်တို့ ဇွန်လ နောက်ဆုံးအပတ်မှာလည်း ရေကြီးတာကြောင့် မိုးစပါးတွေ၊ စပါးခင်းတွေ ပျက်သွားတယ်။ အခု ဇူလိုင် နောက်ဆုံးအပတ်မှာ တစ်ခါဆိုတော့ ကျွန်တော်တို့ နှစ်ခါလုံးလုံး ပျက်စီးတာကို ခံရတယ်။

“စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုကိုလည်း တွေ့ခဲ့ရသလို၊ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေကိုလည်း တွေ့ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ လယ်သမားတွေရဲ့ ဘဝက စိုက်ပျိုးရေးတွေမှာ ငွေရင်းနှီးမှု ကုန်ကျမှုတွေ များပြီးတော့ သီးချိန်တန်လို့ သီးလာတဲ့အခါ ရတဲ့ငွေကြေးကလည်း ရုန်းကန်ပင်ပန်းရတာနဲ့ မမျှတဘူးဆိုတာကို တွေ့မြင်ရတယ်”ဟု ပြောသည်။

ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြသည့် တံငါသည်များမှာလည်း မရှိမဲ့ရှိမဲ့ စုဆောင်းထားကာ ဝယ်ယူထားသော ငါးဖမ်းပိုက်၊ လောင်းလှေစသည့် ပစ္စည်းများမှာ ရေကြီးမှုတွင် ပါသွားသောကြောင့် တံငါသည်များမှာ အလုပ်လက်မဲ့ဖြစ်ကာ မိသားစု စားဝတ်နေရေးကို အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ကျောင်းသားတွေမှာဆိုရင်လည်း သူတို့ရဲ့ စာအုပ်တွေ၊ ဘောပင်တွေ၊ လွယ်အိတ်တွေ စတဲ့ ပစ္စည်းတွေ ရေကြီးတာမှာ ပါသွားတဲ့အတွက် စိတ်ထိခိုက်နေကြတယ်။ စာသင်ကျောင်းတွေလည်း ပျက်စီးသွားတော့ စာသင်မရတာက ပိုဆိုးတာပေါ့။ ဒါကြောင့် သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာရော  ရုပ်ပိုင်း ဆိုင်ရာပါ ထောက်ပ့ံမှုတွေ ပေးဖို့လိုအပ်ပါတယ်”ဟု ဦးခိုင်ကောင်းစံက ပြောသည်။

ရေဘေးသင့်ပြည်သူများကို အစိုးရက ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထက်ပါ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးသင့်ကြောင့် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက တိုက်တွန်းထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...