ကြံ့ခိုင်ရေး သန်းခေါင်ယံဆွေးနွေးပွဲ ပုံမှန်ဆွေးနွေးနေကျဟု ဦးဌေးဦးပြော

ကြံ့ခိုင်ရေး သန်းခေါင်ယံဆွေးနွေးပွဲ ပုံမှန်ဆွေးနွေးနေကျဟု ဦးဌေးဦးပြော
by -
မဇ္ဈိမ
သူရဦးရွှေမန်းအပါအဝင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များကို ရာထူးမှဖြုတ်မချခင် ညပိုင်းက ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲမှာ အရေးပေါ်မဟုတ်ဘဲ ပုံမှန်ဆွေးနွေးနေကြသာဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

“ညတိုင်းဆွေးနွေးတဲ့ ဥစ္စာတွေ အကြိမ်ပေါင်းများစွာရှိပါတယ်။ နေ့ရော၊ ညရော ဆွေးနွေးနေကြပါတယ်။ အခုမှ မဟုတ်ပါဘူး။ အခုတော့ သတိထားမိလို့ပေါ့” ဩဂုတ် ၁၈ ရက်နေ့၊ လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် ဦးဌေးဦးက ပြောသည်။

ဩဂုတ် ၁၂ ညသန်းခေါင်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီရုံးချုပ်တွင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ၏ ညလုံးပေါက်နီးပါး ဆွေးနွေးမှုကို ရည်ညွှန်းပြီး ဦးဌေးဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ပါတီထိပ်ပိုင်းခေါင်းဆောင်များစီးသည့် ကိုယ်ပိုင်ကားများ ရုံးချုပ်တွင် ဝင်ချည်၊ ထွက်ချည်ဖြစ်ကာ အခြေအနေရှုပ်ထွေးခဲ့သည့် သန်းခေါင်ယံဆွေးနွေးပွဲအပြီး နောက်တစ်နေ့တွင် သူရဦးရွှေမန်းကို ပါတီ၏ ပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရာထူးမှ ဖယ်ရှားခဲ့သလို ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုလည်း ဖယ်ရှားခဲ့သည်။

သူရဦးရွှေမန်းကို ပါတီ၏ ပူးတွဲဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားလိုက်သည့် အကြောင်းအရင်းအား မေးမြန်းရာ “ကျွန်တော်တို့သဘော ထားထုတ်ပြန်ချက်ပေးထားတယ်။ အဲ့ဒီမှာ ကြည့်ပေးပါဗျာ” ဟုသာ ဦးဌေးဦးက ပြန်ဖြေခဲ့သည်။

သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်အား ထမ်းဆောင်နေရသူဖြစ်ပြီး လက်ရှိအချိန်တွင် ပါတီလုပ်ငန်းများအား ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဦးဌေးဦးနှင့် အစားထိုးလိုက်ခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီက ဩဂုတ် ၁၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လတ်တလောအခြေအနေအရ သူရဦးရွှေမန်းနှင့် ပြောဆိုဆက်ဆံမှု ရှိ၊ မရှိ မေးမြန်းရာတွင် “လိုအပ်ရင် ရှိမှာပေါ့။ မလိုအပ်တဲ့ အချိန်တော့ ဟိုအရင်တုန်းကလည်း မရှိပါဘူး။ တအိမ်တည်း နေတာမှ မဟုတ်တာပဲဗျာ”ဟု ဦးဌေးဦးက ဆိုသည်။

သူရဦးရွှေမန်းကလည်း အဆိုပါ ဖြစ်ရပ်များကို လွှတ်တော်တွင်း သယ်မလာရန် ဩဂုတ် ၁၈ ရက်နေ့၊ မွန်းလွှဲပိုင်းက ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အမတ်များကို သတိပေးထားသည်။

“ဒီကိစ္စကြောင့် ထပ်မံပြီး ပြဿနာဖြစ်လာအောင်၊ ပြဿနာကို ပိုကြီးထွားအောင် မဖြစ်စေလိုပါ” ဟု သူရဦးရွှေမန်းက လွှတ်တော်တွင် ပြောသည်။

အတိုက်အခံခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အာဏာရပါတီ၏ အဆိုပါ ပြောင်းလဲမှုများကြောင့် NLDပါတီအပေါ် လူထုထောက်ခံမှု ပိုမိုမြင့်တက်စေသည်ဟု ဆိုသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...