သူရဦးရွှေမန်းနှင့် နိုင်ငံရေးကိစ္စဆွေးနွေးခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

သူရဦးရွှေမန်းနှင့် နိုင်ငံရေးကိစ္စဆွေးနွေးခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္ဈိမ
အာဏာရပါတီ၏ ပူးတွဲဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံထားရသည့် သူရဦးရွှေမန်းနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပါတီကိစ္စအပြင် နိုင်ငံရေးကိစ္စများ ဆွေးနွေးခဲ့သည်ဟု ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၁၈ရက်နေ့တွင် ပြောဆိုလိုက်သည်။

သို့သော် ဆွေးနွေးမှုအသေးစိတ်ကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“ဘာဆွေးနွေးတယ်ဆိုတာကို ဘယ်တော့မှ ကြေညာလေ့ မရှိဘူး။ ပုံမှန်ပေါ့။ ပါတီကိစ္စတွေ၊ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးတာ”ဟု ပြည်သူ့ လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဩဂုတ် ၁၇ရက်က နံနက်ပိုင်းက လွှတ်တော် အဆောက်အဦးအတွင်း တစ်နာရီကျော်ကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုသည် ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌရာထူးမှ သူရဦးရွှေမန်း ဖယ်ရှားခံရပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ၏ အပြောင်းအလဲသည် လွှတ်တော်သို့ ရိုက်ခတ်မှုမရှိသင့်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။

“လွှတ်တော်ကို ရိုက်ခတ်မှု မရှိသင့်ဘူး။ ရှိလာပြီဆိုရင်တော့ ဒါလုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောသည်။

သူရဦးရွှေမန်းကလည်း ကြံ့ခိုင်ရေးပါတီ၏ ပြောင်းလဲမှုဖြစ်ရပ်များကို လွှတ်တော်တွင်း သယ်မလာရန် ဩဂုတ် ၁၈ မွန်းလွှဲပိုင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမတ်များကို သတိပေးထားသည်။

လက်ရှိတွင် သူရဦးရွှေမန်းမှာ ကြံ့ခိုင်ရေးပါတီ၏ သာမန်ပါတီဝင်တစ်ဦးအနေဖြင့်သာ ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သူရဦးရွှေမန်း ရာထူးမှ ဖယ်ရှားခံရမှုသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိမှုကြောင့်ဟုလည်း ဝေဖန်ပြောဆိုလျက်ရှိကြသည်။

အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကမူ ကြံ့ခိုင်ရေးပါတီ၏ အပြောင်းအလဲအပေါ် သဘောကျသော်လည်း ပြောင်းလဲမှုပုံစံမှာ ဒီမိုကရေစီနည်းလမ်းတကျမဟုတ်ဟု ဝေဖန်ပြောဆိုသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...