နိုင်ငံရေးအခြေအနေကြောင့် ချယ်ရီ FM ရပ်ဖို့ ညွှန်ကြားခြင်းဖြစ်

နိုင်ငံရေးအခြေအနေကြောင့် ချယ်ရီ FM ရပ်ဖို့ ညွှန်ကြားခြင်းဖြစ်
by -
မဇ္ဈိမ
နိုင်ငံရေးအခြေအနေအရလည်းကောင်း၊ စာချုပ်နှင့် ကျင့်ဝတ်အရလည်းကောင်း နှစ်ဦးနှစ်ဖက် နစ်နာမှုများရှိနိုင်သောကြောင့် Cherry FM ထုတ်လွှင့်မှုကို အချိန်သုံးလကြာရပ်နားရန် နှစ်ဦးနှစ်ဖက် သဘောတူထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြောသည်။

“တော်တော်လေး ပြဿနာရှိနိုင်တဲ့ အနေအထားမျိုးကိုလည်း စိုးရိမ်တယ်။ နို့မို့ဆိုရင် နှစ်ဖက်လုံး နစ်နာမှုတွေ ဆုံးရှုံုးမှုတွေက များနေမယ်။ အဲ့တော့ ဒီကြားထဲမှာ အကောင်းဆုံးအဖြေတစ်ခုကို ညှိနှိုင်းရှာဖွေကြရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်ယူပြီးတော့ ဆွေးနွေးတာဖြစ်ပါတယ်” ဟု ဦးတင့်ဆွေက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချယ်ရီ FMတို့ စစ်အစိုးရလက်ထက်၂၀၁၀ခုနှစ်က ချုပ်ဆိုထားသည့် စာချုပ်အရသော်လည်းကောင်း၊ ထပ်မံဖြည့်စွက်စွက်ထားသည့် ကျင့်ဝတ်အရသော်လည်းကောင်း၊ နိုင်ငံရေးအခြေအနေအရလည်းကောင်း သုံးလခန့် ရပ်နားရန် ဩဂုတ် ၁၅ က နေပြည်တော်တွင် ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

ညှိနှိုင်းချက်၏ ရလာဒ်အဖြစ် “ဒီကြားထဲမှာ သုံးလလောက်တော့ Cherry FM ကို စက်တွေကိုလည်း Upgrade လုပ်ဖို့တွေ ရှိလို့ ရပ်ထားတဲ့ဟာမျိုးနဲ့ လုပ်မယ်၊ အဲ့ဒီအတွက်ကိုလည်း သဘောတူတယ်ဆို ပြီးတော့ နှစ်ဖက်ညှိနှိုင်းချက်အရ အဲ့လိုသဘောတူညီချက် ရရှိထားတာရှိပါတယ်”ဟု ဦးတင့်ဆွေက ဆိုသည်။

သို့သော် ချယ်ရီ FM ၏  အမည်မဖော်လိုသူတာဝန်တစ်ဦးကမူ ချယ်ရီ FM ထုတ်လွှင့်မှုကို မိမိသဘော ဆန္ဒအလျောက် ရပ်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာတင်ခိုင်းကြောင်း၊ ၎င်းတို့အနေဖြင့် စာတင်မည်မဟုတ်ဘဲ တရားဥပဒေကြောင်း အရ ဖြေရှင်းသွားမည်ဟု ဩဂုတ် ၁၅ နေ့လည်ပိုင်းက မဇ္ဈိမကို ပြောဆိုထားသည်။

ချယ်ရီ FMသည် ပြီးခဲ့သည့် သုံးရက်အတွင်း အာဏာရပါတီ၏ ဥက္ကဌရာထူးမှ ဖြုတ်ချခံလိုက်ရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ် သူ ဒေါ်ဇေဇင်လတ် ဦးဆောင်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ချယ်ရီ FM သည် လွန်ခဲ့သည့် ၆နှစ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောညီချက်စာချုပ်ဖြင့် အသံလွှင့်နေခြင်းဖြစ်ပြီး သူရဦးရွှေမန်း ပါတီအကြီးအကဲမှ ဖြုတ်ချခံရသည့်နေ့ကစပြီး ထုတ်လွှင့်မှု ရပ်ဆိုင်းသွားသည်။

လွန်ခဲ့သည့် ၆ နှစ်က ချုပ်ဆိုခဲ့သည့် စာချုပ်တွင် “တပ်မတော်အစိုးရလက်ထက်မှာ ချုပ်ဆိုထားတဲ့ စာချုပ်တွေပေါ့။ အဲ့ဒီစာချုပ်တွေအရတော့ အစိုးရအနေနဲ့က ဒါက အားလုံးကို ထိန်းချုပ်ထားတဲ့ အနေ အထားနဲ့ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီမှာပါတဲ့ အချက်တွေက တော်တော်လေး ပြင်းထန်ပါတယ်။ စက်တွေကို သိမ်းနိုင်တဲ့အနေအထားထိ စာချုပ်တွေမှာ ပါဝင်တယ်။ တစုံတခုဆိုရင် သက်ဆိုင်ရာ အခြေအနေအရ မကြိုက်ဘူး၊ သဘောမတူဘူး၊ မနှစ်သက်ဘူးဆိုရင် ပစ္စည်းပစ္စယတွေ အားလုံးက သိမ်းဆည်းနိုင်ကြောင်းလည်း သဘောတူပါတယ်ဆိုပြီးတော့ စာချုပ်ချုပ်ထားတာ ဖြစ်ပါတယ်” ဟု ဦးတင့်ဆွေက ပြောသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...