ပြည်သူ့ ဒီမိုကရေစီပါတီ မန္တလေးနှင့် စစ်ကိုင်းတွင် ကိုယ်စားလှယ်ခြောက်ဦး ဝင်ပြိုင်မည်

ပြည်သူ့ ဒီမိုကရေစီပါတီ မန္တလေးနှင့် စစ်ကိုင်းတွင် ကိုယ်စားလှယ်ခြောက်ဦး ဝင်ပြိုင်မည်
by -
မဇ္ဈိမ
မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမိုကရေစီပါတီက လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ် လောင်းခြောက်ဦး ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

ပြည်သူ့ဒီမိုကရေစီပါတီ ကိုယ်စားပြု၍ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခြောက်ဦးတွင် အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်လောင်း လေးဦး ပါ၀င်သည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက “ကော်မရှင်ဥက္ကဋ္ဌကြီးကလည်း လွှတ်တော်ထဲမှာ အမျိုးသမီးအမတ်တွေ ပါစေချင် တယ်လို့ ပါတီတွေကို ဆန္ဒပြုတာကိုး။ ကျွန်တော်ကတော့ အမျိုးသမီးကိုယ်စားလှယ်တွေ ဦးစားပေးပြီး တင်ပေးလိုက်တာ” ဟု ပြောသည်။

မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ သြဂုတ် ၁၄ ရက် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းလွှာ မှတ်ပုံစာရင်းတွင် ပြည်သူ့ဒီမိုကရေစီပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်း၌ ဦးမောင်မောင်တင် (မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)၊ ဒေါ်ခင်မာချို (တိုင်းဒေသကြီးလွှတ် တော်၊ အမရပူရမဲဆန္ဒနယ် အမှတ်- ၂)၊ ဒေါ်တင်တင်ဝင်း (တိုင်းဒေသကြီးလွှတ်တော်၊ အောင်မြေသာ စံ မဲဆန္ဒနယ် အမှတ်- ၁) ဒေါ်အေးအေးခိုင် (တိုင်းဒေသကြီးလွှတ်တော်၊ မဟာအောင်မြေ မဲဆန္ဒနယ် အမှတ် -၂ ) ၊ ဒေါ်နီလာမြတ် (တိုင်းဒေသကြီးလွှတ်တော်၊ ချမ်းမြသာစည် မဲဆန္ဒနယ် အမှတ်- ၁) တို့တွင် အမည်တင်သွင်းထားသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဦးဗိုလ်မောင် (တိုင်းဒေသကြီးလွှတ်တော် ဒီပဲယင်း မဲဆန္ဒနယ် အမှတ် - ၂ ) က ပြည်သူ့ဒီမိုကရေစီပါတီကို ကိုယ်စားပြု၍ ယှဉ်ပြိုင်ရန် ကော်မရှင်ထံသို့ အမည်စာရင်းတင်သွင်းပြီး ဖြစ်ကြောင်းလည်း ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

ပြည်သူ့ဒီမိုကရေစီပါတီက တိုင်းဒေသကြီးလွှတ်တော် နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မှု များခြင်းသည် မိမိ၏ တိုင်းဒေသကြီးလွှတ်တော်တွင် ပို၍ အလုပ်လုပ်နိုင်မည်ဟု ထင်မြင်သောကြောင့် ဖြစ်သည်ဟုလည်း ဦးအောင်မြင့်က ပြောသည်။

အဆိုပါတီသည် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် သုံးနေရာ ယှဉ်ပြိုင်ခဲ့သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...