ရေဘေးသင့်ဒေသများတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများ အန္တရာယ်ရှိဟု ယူနီဆက်အသိပေး

ရေဘေးသင့်ဒေသများတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများ အန္တရာယ်ရှိဟု ယူနီဆက်အသိပေး
by -
မဇ္ဈိမ
ဇူလိုင်လကုန်နှင့် သြဂုတ် ပထမအပတ်မှစ၍ ယနေ့တိုင် ဖြစ်ပေါ်လျက်ရှိသည် ရေဘေးဒဏ်ကို ခံစားရသည့် ဒေသများ တွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများ အန္တရာယ်ရှိနေဆဲဟု ယူနီဆက် မြန်မာက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးထားသည်။

ရေကြီးခြင်းကြောင့် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲနိုင်သည့် ပစ္စည်းများသည်မူလနေရာမှ ရွှေ့လျားသွားပြီး ရေမြုပ်ပြီးသည့်တိုင် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် ရေဘေးသင့်ဒေသများတွင် ဆက်လက်အန္တရာယ်ရှိနေသည်ဟု ထုတ်ပြန်သည်။

လက်ရှိ ရေကြီးနစ်မြှုပ်မှု ခံစားနေရသည့် ဧရာဝတီတိုင်းအတွင်း ပေါက်ကွဲစေတက်သော ပစ္စည်းများ တွေ့ရှိပြီး ယင်းကြောင့် ထိခိုက်မှုများဟူ၍ မရှိသေးကြောင်း တိုင်းအစိုးရအတွင်းရေးမှူး ဦးအေးကျော်က မဇ္စျိမကို ပြောသည်။

၎င်းက  "အဲဒီသတင်းကို အဆင့်ဆင့်ကိုပို့ထားတယ်။ သတင်းစာတွေကလည်း အသိပေးထားတယ်။ ကျွန်တော် တို့တိုင်းက အပေါ်ကရေတွေပြန်ကျလို့ ဧရာဝတီမြစ်ရေကြီးတယ်။ ပါလာတယ်ဆိုရင်လည်း မြစ်ထဲမှာပဲရှိမယ် အဲဒီကိုလည်း ဘယ်သူမှမသွားလို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်" ဟု  ဆိုသည်။

ယင်းကဲ့သို့ ပေါက်ကွဲစေနိုင်သည့်ပစ္စည်း၊ မြေမြုပ်မိုင်းများကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်းမပြုဘဲ၊ အစိုးရ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်လည်း တိုက်တွန်းထား သည်။

၄င်းအကြောင်းအရာများကိုလည်း ရေဘေးသင့်ပြည်သူများထံသို့ အားလုံးက သတင်းအချက်အလက် ရရှိစေရေး ဆောင်ရွက်ပေးရန် လည်း ထုတ်ပြန်ချက်တွင် ပါ၀င်သည်။

ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကို အများဆုံးအသုံးပြုသည့် ထိပ်ဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက ပါ၀င်နေသေးသည်။

မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှုများကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှ နိုင်ငံသား  တစ်သန်းကျော်ထိ သဘာဝဘေး သင့်သူများအဖြစ်သတ်မှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်သူများအချင်းချင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများကလည်း ဆောင်ရွက်ပေးနေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...