မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေဘေးသင့် ပြည်သူများအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တဆင့် ကျပ်ငွေ သိန်း ၂၀၀၀ တိတိလှူဒါန်းခဲ့ပြီး ချင်းတောင်ဒေသတွင် ရေဘေးဒုက္ခ ကြံုတွေ့နေရသူများအတွက် ကျပ်သိန်း ၁၀၀၀ ကို ချင်းအမျိုးသားတပ်ဦး (CNF) မှ တဆင့် ပေးအပ်လှူဒါန်းလိုက်သည်ဟု သြဂုတ် ၁၃ ရက်နေ့တွင် KIO က ထုတ်ပြန်ထားသည်။
ယင်းလှူဒါန်းငွေများကို သြဂုတ် ၁၃ ရက်တွင် လက်ခံရရှိခဲ့ပြီး မြို့နယ် ၉ခုအတွင်း ဖြန့်ဝေအသုံးပြုသွား မည်ဟု ချင်းအမျိုးသားတပ်ဦးကပြောကြောင်း Chinland Guardian ဖော်ပြသည်။
ချင်းအမျိုးသားတပ်ဦးအထွေထွေအတွင်းရေးမှူး ဒေါက်ရွှေခါးက "အလှူငွေတွေရရှိတဲ့အတွက် ကျွန်တော်တို့ အများကြီး ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒေသခံတွေနဲ့ စုပေါင်း တိုင်ပင်ညှိနှိုင်းပြီး ဖြန့်ဝေသွားမှာဖြစ်ပါတယ်။" ဟု ပြောသည်။
မိုးသည်းထန်သည်ကို ချင်းပြည်နယ်တစ်ခုလုံး တိုက်ရိုက်ရော၊ တဆင့်ခံပါ ခံခဲ့ကြရပြီး မြေပြိုမှုကြီးများ၊
ရုတ်တရက် ရေလျှံရေကြီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု ချင်းလူမျိုးများက သြဂုတ် ၁၄ ရက် ရန်ကုန်မြို့ အရေးပေါ်အစည်းအဝေး ၌ ပြောဆိုကြသည်။
ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး ဒေါက်ရွှေခါးက "ဒီနေ့ ရခိုင်ပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေက ချင်းကိုယ်စားလှယ်တွေ စုံညီတက်ရောက်ကြတာဖြစ်လို့ လှူဒါန်းငွေကို ဘေးဒဏ်သင့်သူတွေဆီ ရောက်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြန့်ဝေကြမလဲဆိုတာ ဆွေးနွေး ဖြစ်ကြမယ်ထင်ပါတယ်။"ဟု ပြောသည်။
ချင်းပြည်နယ်အတွင်း လမ်းတံတားများထည်းပျက်စီးမှုရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအားလုံး၏ တန်ဘိုး အတိအကျ နှင့် အခြေအနေ အသေးစိတ်ကိုမူ သိရှိနိုင်ရန် မလွယ်ကူကြောင်း ပြောဆိုကြသည်။
"အချက်အလက်တွေစုဆောင်းဖို့ဆိုတာ တကယ့်ကိုစိန်ခေါ်မှုတစ်ခုပါပဲ။ ကျနော်တို့မှာ အင်တာနက်လည်း မရှိဘူး။ ဖုံးကလည်း အကန့်အသတ်နဲ့ပဲရှိတာပါ။ အထူးသဖြင့် ကျေးလက်တွေမှာပါ။"ဟု ချင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။
မိုးသည်းထန်သဖြင့် ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ဝ အထူးဒေသ ၂ UWSA နှင့် မိုင်းလား အထူးဒေသ ၄ တို့ကလည်း ကျပ်သိန်း ၆၀၀ ကို ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၃ ရက်က လှူဒါန်းလိုက်ပြီး ပထမအကြိမ် သြဂုတ်လ ၁၁ ရက်က ကျပ်သိန်း ၆၀၀ကို လှူဒါန်းခဲ့သေးသည်။







