ဒေါက်တာနေဇင်လတ်ပါတီ အမတ်လောင်းဦးရေထပ်တိုး

ဒေါက်တာနေဇင်လတ်ပါတီ အမတ်လောင်းဦးရေထပ်တိုး
by -
မဇ္ဈိမ
နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဟောင်း ဒေါက်တာနေဇင်လတ် ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းဦးရေ ထပ်တိုးလာသည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က သြဂုတ် ၁၄ရက်တွင် မဇ္ဈိမကို ပြောသည်။

"ဒီနေ့နောက်ဆုံးနေ့မှာပဲ  ၃၅၀လောက်ထိ ရောက်သွားပြီ။ ဒီနေ့အပြီး တင်နေတယ်။ ပြည်သူကော အမျိုးသား၊ တိုင်း/ပြည်နယ်လွှတ်တော်နေရကော ဆတူတိုးတယ်လို့ပဲ ပြောရမှာပဲ။ အများထင်နေ သလို နာမည်ကြီး အစိုးရအဖွဲ့ကသူတွေ တစ်ဦးမှ မပါပါဘူးစာရင်းထဲမှာ"ဟု ၎င်းက ဆိုသည်။

ဒေါက်တာနေဇင်လတ်ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီက သြဂုတ် ၁၃ရက်နေ့အထိ ပြည်သူ့လွှတ်တော် ၁၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၅၁ နေရာနှင့် တိုင်း/ပြည်နယ်လွှတ်တော် ၁၂၁ နေရာ၊ စုစုပေါင်း ၂၈၃ နေရာတွင် ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသည်။

အမည်စာရင်းသွင်းရမည့် နောက်ဆုံးရက် သြဂုတ်လ ၁၄ရက်တွင်ပင် အမျိုးသားတိုးတက်ရေးပါတီမှ ဝင်ရောက်မည့် အမတ်လောင်း ၆၀ကျော် ထပ်မံတိုးလာသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားသည့် အချိန်အတွင်း အမှီတင်ပြရန် ဆောင်ရွက်နေကြောင်း ဒေါက်တာနေဇင်လတ်က ဆိုသည်။

သြဂုတ်လ ၁၄ရက်သည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန် နောက်ဆုံးနေဖြစ်ပြီး ကော်မရှင်က မူအမည်စာရင်းတင်သွင်းမှုကို ယင်းနေ့ ၆နာရီအထိ လက်ခံပေးမည်ဟု ပါတီများသို့ အသိပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။

အမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၅ခုနှစ် မတ်လတွင် ပါတီတည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီး၊ ကော်မရှင် ဇူလိုင်လ ၉ရက်၊ ၂၀၁၅ခုနှစ်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

လက်ရှိအချိန်ထိ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီပေါင်း ၉၀ ကကိုယ်စားလှယ်လောင်း အမည်များကို တင်တွင်းလျက်ရှိပြီး သြဂုတ် ၁၃ရက်နေ့ထိ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အပါအဝင် ကိုယ်စားလှယ်လောင်း ဦးရေ ၅၄၀၈ ဦး စာရင်းပေးသွင်းထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...