ယင်းကဲ့သို့ ပြောင်းရွှေ့နိုင်ရေးအတွက် မြေနေရာရရှိရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဧက လျှင်ကျပ် သိန်း ၅၀ ဖြင့် မြေ ၁၅ ဧကကို ကျပ်သိန်းပေါင်း ရ၅၀ ဖြင့် စိုက်ထုတ် ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးညီညီက ဆိုသည်။
၎င်းက “ခဏခဏ ရွှေ့နေရလို့ ရွာခံတွေက ရေလွတ်ရာကို ပြောင်းချင်နေကြတယ်။ ကျွန်တော်တို့က အဲဒီရွာမှာ ကမ်းပြိုကာကွယ်ရေးတွေ လုပ်ပေးထားတယ်။ အဲဒီရွာကရေတက် လာတိုင်းပြောင်းရွှေ့ နေရတယ်။ ဒါကြောင့်တိုင်းဒေသကြီး အစိုးရက မြေနေရာရရှိဖို့ စီစဉ်ဆောင်ရွက်ပေးတာပါ။”ဟု ပြောသည်။
တိုင်းဒေသကြီးအစိုးရက မြေနေရာများကို ပေ ၆၀×၇၀ မြေကွက်များ အကွက်ရိုက်ချထားပေးခြင်း ဖြစ်ပြီး ရွာသားများက နေအိမ်များကို မိမိတို့စားရိတ်ဖြင့် တည်ဆောက်ရမည်ဖြစ်ကာ မြေကွက်များ အတွက် ငွေကြေးကုန်ကျမှုမရှိဘဲ တိုင်းဒေသကြီးအစိုးရမှ စိုက်ထုတ်ပေးခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ရွာပြောင်းသွားသော်လည်း စိုက်ပျိုးရေးအတွက် မူလစိုက်ပျိုးသည့် မြေများတွင်ပင် ဆက်လက် လုပ်ကိုင်ရမည်ဟုလည်း သူကောင်းတည်ကျွန်းရွာသားတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ဆိုသည်။
၎င်းက “ကျွန်း/ကိုင်း သီးနှံနဲ့ ပဲအမျိုးမျိုးစိုက်ကြတာပါ။ ရွာပြောင်းသွားပေမယ့် မူလမြေတွေဆီကို တဲဆောက်ပြီး ဆက်လုပ်ရမှာပေါ့။”ဟု ပြောသည်။
အဆိုပါ သူကောင်းတည် ကျေးရွာသားများအနေဖြင့် ရေလွှတ်သည့်ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့ပေး ရန် အတွက် ၂၀၁၄ ခုနှစ်မှစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရပ်မိရပ်ဖများ တောင်းဆိုခဲ့မှုကြာင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကြေးစိုက်ထုတ်၍ ကူညီခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။ ထိုကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ရှိသည်။
ကျေးရွာ အနေဖြင့် အကွက်များရိုက်၍ နေအိမ်များတည်ဆောက်ပြီးပါကလည်း ဒေသခံတအချို့မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် မူလနေရာတွင် ပြန်လည်နေထိုင်မည်ဟုလည်း ဒေသခံ ဦးတင့်နိုင်က ဆိုသည်။
၎င်းက "ဒီမှာ လူနေ ဟိုမှာ သွားလုပ်ပေါ့။"ဟု ပြောသည်။
အဆိုပါ ရွာမြေအဟောင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရမှ တစံတရာ ညွှန်ကြားထားခြင်းမရှိဟု ညောင်ဦးမြို့နယ်မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။







