မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး Assistant Public Affairs Officer Jamie William Ravetz က ယင်းကိစ္စသည် ပါတီတွင်းကိစ္စဟု ဆိုသော်လည်း နိုင်ငံ၏ လုံခြံုရေး တပ်ဖွဲ့များကို သုံးစွဲခြင်းအပေါ် စိုးရိမ်မိသည်ဟု သြဂုတ် ၁၃ရက်က မှတ်ချက်ပြုလိုက်သည်။
"USDP က ဗဟိုဌာနချုပ်မှာ ဖြစ်ပျက်နေတာတွေဟာ ပါတီတွင်းကိစ္စတွေသာ ဖြစ်တယ်လို့ ပြောဆို ဖော်ပြပါတယ်။ ဒါပေမယ့် အဲဒီ ပြဿနာတွေ အငြင်းပွားမှုတွေ ဖြေရှင်းတဲ့အခါ နိုင်ငံရဲ့ လုံခြံုရေး တပ်ဖွဲ့တွေရဲ့ အကူအညီတွေကို ရယူတာနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ စိုးရိမ်ပါတယ်။ အစိုးရ အနေနဲ့ကတော့ ဘယ်လိုမျိုး အရေးယူဆောင်ရွက်လဲ၊ ဘယ်လို ဥပဒေမျိုးကို အခြေခံလဲဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပေးဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီအပြောင်းအလဲမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားဖို့ဟာ အခုလို ရွေးကောက်ပွဲကာလအတွက် အင်မတန်ကို အရေးကြီးပါ တယ်။ နောက်နှစ် ဧပြီလမှာ အစိုးရအသစ်ကို လွဲပြောင်းတဲ့အခါ ပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီအခြေအနေအရပ်ရပ်ကို အနီးကပ်ဆက်ပြီး စောင့်ကြည့်သွားမှာ ပါ။"ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး Assistant Public Affairs Officer Jamie William Ravetz က ပြောသည်။
ယင်းအပြင် ဗြိတိန်သံရုံးကလည်း ပါတီတွင်းကိစ္စ ဖြေရှင်းရာတွင် ရဲတပ်ဖွဲ့ပါဝင်သည်ဟု ကြားသိရ၍ စိုးရိမ်မိသည်ဟု ထုတ်ပြန်လိုက်ပြီး နီးကပ်လာပြီဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲကြီးကို ပြည်သူလူထု၏ ယုံကြည်မှု အရေးကြီးကြောင်း သတိပေးထောက်ပြထားသည်။
"ဗြိတိန်အစိုးရအနေနှင့် ရွေးကောက်ပွဲကို မိတ်ဖက်အဖွဲ့များနှင့်တကွ ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ အစိုးရ နှင့် ရွေးကောက်ပွဲကော်မရှင် အနေနှင့် ၎င်း၏ ကတိကဝတ် အတိုင်း နိုင်ငံတကာ စံနှုန်းနှင့် ညီညွတ်သော ရွေးကောက်ပွဲအား ဖြစ်မြောက်စေရန်အတွက် ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်"ဟု ဗြိတိန်သံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သြဂုတ် ၁၂ရက် ညပိုင်းမှ စတင်ကာ နေပြည်တော်ရှိ ကြ့ံခိုင်ရေးပါတီရုံးချုပ်တွင် စစ်ကား၊ ရဲကားများ လုံခြံုရေးယူခြင်း၊ အစိုးရ အရာရှိများ နှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့ ညလုံးပေါက် စည်းဝေးခဲ့သည်။
သြဂုတ် ၁၃ရက် နံနက်ပိုင်းတွင် ပါတီ၏ အရေးပေါ် အထူးအစည်းအဝေး တစ်ရပ် ကျင်းပကာ ဥက္ကဋ္ဌ နေရာအတွက် သမ္မတဦးသိန်းစိန်က တာဝန်ယူလိုက်ပြီး၊ ပူးတွဲဥက္ကဋ္ဌ/ဒု-ဥက္ကဋ္ဌ နေရာအတွက် ဦးဌေးဦးက တာဝန်ယူလိုက်ကာ ယခင် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ကို ဖယ်ရှားလိုက်သည်။
ရွေးကောက်ပွဲတွင်မူ ပါတီဥက္ကဋ္ဌ နေရာက ဖြုတ်ချခံရသည့် သူရဦးရွှေမန်းက ပါတီဝင် ဆက်လက်ပါရှိကာ ဖြူးမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုအဆောင် (အထွေထွေအတွင်းရေးမှူး)မှ ဖြုတ်ချခံခဲ့ရသည် ဦးမောင်မောင်သိမ်းက ရန်ကုန်တိုင်း ခရမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်မည်ဟု သိရသည်။
ပါတီက ထုတ်ဝေလျက်ရှိသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကိုလည်း ရပ်နားလိုက်သည်။







