ပြိုင်ဘက်ပါတီများ မသမာနည်းလမ်းသုံးနိုင်ဟု ဦးရွှေမန်းပြော

ပြိုင်ဘက်ပါတီများ မသမာနည်းလမ်းသုံးနိုင်ဟု ဦးရွှေမန်းပြော
by -
မဇ္ဈိမ
လာမည့် နိုဝင်ဘာ ၈ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် ရှုပ်ထွေးကာ ပြိုင်ဆိုင်မှု ပြင်းထန်မည် ဖြစ်ပြီး ပြိုင်ဘက်ပါတီများက မသမာသောနည်းလမ်း သုံးလာနိုင်သည်ဟု လက်ရှိ အာဏာရပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

“ပြိုင်ဘက်တွေက မိမိတို့ရဲ့အမှားကို စောင့်ကြည့်နေကြလိမ့်မယ်၊ တေးမှတ်ထားကြလိမ့်မယ်၊ မသမာသော နည်းလမ်းတွေနဲ့လည်း အသုံးပြုပြီး ဆောင်ရွက်လာနိုင်တယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

သုံးလနီးပါးသာ လိုတော့သည့် ရွေးကောက်ပွဲသည် ပြီးခဲ့သည့်ရွေးကောက်ပွဲများကဲ့သို့ ပါတီ တစ်ခုတည်းက အပြတ်အသတ်နိုင်လိမ့်မည်မဟုတ်ဟုလည်း ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ သူရဦးရွှေမန်းက ဆိုသည်။

နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ဩဂုတ် ၁၂က ပြုလုပ်သော ကြံ့ခိုင်ရေးပါတီအမတ်လောင်းဦးရေ တစ်ထောင်ကျော်နှင့်တွေ့ဆုံစဉ် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

သူရဦးရွှေမန်း၏ အထက်ပါပြောဆိုချက်အပေါ် ပြိုင်ဘက်အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က “သူများတွေ မသမာတာထက် ကိုယ်ကိုယ်တိုင်က မသမာတာမလုပ်ဖို့ လိုပါတယ်” ဟု ပြန်လည်မှတ်ချက်ပြုသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစိုင်းညွှန့်လွင်ကလည်း ၎င်းတို့ ပါတီအနေဖြင့် မသမာသည့်နည်းလမ်းသုံးမည်မဟုတ်သလို အစဉ်အလာလည်းမရှိခဲ့ဟု မဇ္ဈိမကို ပြောသည်။

ဦးရွှေမန်း၏ ပြောဆိုချက်နှင့် ပတ်သက်၍ “အရင်တုန်းက ညစ်ပတ်တာတွေရှိရင် မင်းတို့ကောင်တွေ မလုပ်တော့နဲ့ဆိုပြီး သူ့ပါတီဝင်တွေကို ပြောတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့” ဟု ဦးစိုင်းညွှန့်လွင်က သုံးသပ်ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၇၉ နေရာအနက် မဲဆန္ဒနယ် ၁၁၄၇ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ပြိုင်ကြမည့် အမတ်လောင်းများအား သူရဦးရွှေမန်းက “ကိုယ့်တာဝန် ကိုယ်ကျေပါ၊ ကိုယ့်တာ ကိုယ်လုံပါ၊ ကိုယ့်နေရာကိုယ် သန့််ရှင်းစွာ အနိုင်ယူပါ၊ ကိုယ့်ကိုယ်ကို တာဝန်ခံပါ” ဟု ညွှန်ကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်းများအနက် တပ်မတော် အရာရှိ ၂၆ဦးနှင့် အစိုးရအဖွဲ့မှ ဝန်ကြီး၊ ဒုဝန်ကြီးပေါင်း ၄၆ဦး ပါဝင်သည်။

သို့သော် ပါတီ၏ အမတ်လောင်းစာရင်းတွင် လက်ရှိသမ္မတဦးသိန်းစိန်ပြန်လည် ပါဝင်လာခြင်းမရှိပေ။

“သမ္မတကြီးလည်းမပြိုင်ဘူး ဒုတိယသမ္မတ ဦးဉာဏ်ထွန်းလည်း မပြိုင်တော့ဘူး။ ဒီလိုပဲ နားလည်ရမှာ ဖြစ်ပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့လည်း မပြိုင်လောက်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက သတင်းထောက်များကို ပြောသည်။

ရွေးကောက်ပွဲမပြိုင်ခြင်းမှာ သမ္မတဦးသိန်းစိန်၏ သဘောဆန္ဒသာဖြစ်ပြီး လက်ရှိမဲဆန္ဒနယ်ဖြစ်သော ဇဗ္ဗူသီရိမြို့နယ်အတွက် ဆယ်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ပါတီအတွက် အဆိုပြုပေးခဲ့သည်ဟု ဦးမောင်မောင်သိမ်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်ဝင်ပြိုင်မည့် တပ်မတော်အရာရှိများမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ တို့အပြင် ဒုဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုဗိုလ်ချုပ်ကြီးသောင်းအေး၊ ဒုဗိုလ်ချုပ်ကြီးစိုးသိန်း၊ ဒုဗိုလ်ချုပ်ကြီးလှမင်းတို့လည်း ပါဝင်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...