နိုင်ငံတိုးတက်လိုသောကြောင့် တပ်မတော်အရာရှိ များရွေးကောက်ပွဲဝင် ရခြင်းဖြစ်ဟုဆို

နိုင်ငံတိုးတက်လိုသောကြောင့် တပ်မတော်အရာရှိ များရွေးကောက်ပွဲဝင် ရခြင်းဖြစ်ဟုဆို
by -
မဇ္ဈိမ
တပ်မတော်အရာရှိများ ရွေးကောက်ပွဲဝင်ခြင်းကြောင့် စစ်ရေးတွင် အားနည်းသွားမည်မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုလုပ်ဆောင် ရန်ရွေးကောက်ပွဲ ဝင်ခြင်းဖြစ်သည်ဟု  တပ်မတော်မှ အနားယူကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းက ပြောဆိုလိုက်သည်။

တပ်မတော်မှနှုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်မည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ညိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းက ဩဂုတ် ၁၂ က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်သည့် အမတ်လောင်းများတွေ့ဆုံပွဲ၌ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဇေယျာသီရိမြို့နယ်တွင် ဝင်ပြိုင်မည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းက “ကျွန်တော်တို့ ကာကွယ်ရေး၊ လုံခြံုရေးတာဝန်ကနေပြီးတော့ ကျန်တဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ အဲ့ဒါတွေကို တစ်ဘက်ကနေ လုပ်နိုင်အောင်လို့ ပြောင်းကြတာပါ”ဟု သတင်းထောက်များကို ပြောသည်။

သို့သော် နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို တဖြည်းဖြည်းလျှော့ချရမည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက အစဉ်တစိုက် ပြောဆိုလျက်ရှိသည်။

တပ်မတော်မှ နှုတ်ထွက်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ တပ်မတော် အရာရှိ ၂၆ ဦး နှင့် အစိုးရအဖွဲ့မှ ဝန်ကြီး၊ ဒုဝန်ကြီးပေါင်း ၄၆ ဦး ဝင်ပြိင်မည်ဖြစ်သည်ဟု ပါတီက ထုတ်ပြန်ထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဝင်ပြိုင်မည့် တပ်မတော်အရာရှိများမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ တို့အပြင် ဒုဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒုဗိုလ်ချုပ်ကြီးစိုးသိန်း၊ ဒုဗိုလ်ချုပ်ကြီးလှမင်းတို့လည်း ပါဝင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တစ်နိုင်ငံလုံး လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်ပေါင်း ၁,၁၇၉ နေရာအနက် မဲဆန္ဒနယ် ၁,၁၄၇ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  ချန်လှပ်ထားသည့် မဲဆန္ဒနယ် ၃၂ နေရာမှာ တိုင်းရင်းသား မိတ်ဖက်နေရာများ ဖြစ်သောကြောင့်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ၁,၁၄၇ နေရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၃၃၀ အနက် ၃၂၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပေါင်း ၁၆၈ နေရာအနက် ၁၆၆ နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၅၂ နေရာအနက် ၆၃၂ နေရာနှင့် တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး) ၂၉ နေရာတွင်မူ နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...