ပြင်ဦးလွင်မြို့နယ်အတွင်း သိမ်းယူထားသော လယ်ယာမြေများ စီမံကိန်း မလုပ်သောကြောင့် စိုက်ပျိုးခွင့် ပြန်ရရန်တောင်းဆို

ပြင်ဦးလွင်မြို့နယ်အတွင်း သိမ်းယူထားသော လယ်ယာမြေများ စီမံကိန်း မလုပ်သောကြောင့် စိုက်ပျိုးခွင့် ပြန်ရရန်တောင်းဆို
by -
မဇ္ဈိမ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးရွာများမှ  လယ်မြေဧက ၁၃၀၀ ကျော်ကို မြန်မာ့စီးပွားရေး ဦးပိုင် လိမီတက်က သိမ်းယူခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသောကြောင့် ပြန်လည်စိုက်ပျိုးခွင့်ပေးရန် ဒေသခံများက  သြဂုတ် ၁၁ ရက်က တောင်းဆိုလိုက်သည်။

ဒေသခံ တောင်သူများက  သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးမြို့ ရ၂လမ်း - ရ၃ လမ်းကြား၊ ၃၄လမ်း - ၃၅လမ်းကြားရှိ မီဒီယာစင်တာတွင် သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီးတောင်းဆို ကြခြင်းဖြစ်သည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု လေးပင်ရွာ၊ သပြေရရွာ၊ မင်းတဲကွင်းရွာ တို့မှ ဓါးမ ဦးချလုပ်ကိုင်ခဲ့ကြသည့် တောင်သူ ၈၅-ဦး ပိုင်ဆိုင်သော လယ်ယာမြေဧက ၁၃၇၉.၁၆  ဧက ကိုမြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းက မာဘယ်ကျောက်ပြားစက်ရုံ(မန္တလေး)စီမံကိန်းတည်ဆောက်ရန် ၂၀၀၀ ခုနှစ်က သိမ်းယူခဲ့သော်လည်း ယနေ့အချိန်ထိ စီမံကိန်းအကောင် အထည်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ပြန်လည်တောင်းယူခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

ထိုသို့ သိမ်းယူခဲ့စဉ်က နစ်နာကြေးပေးခဲ့ခြင်းမရှိကြောင်းနှင့်  ဖယ်ရှားခြင်းမပြုသူ ၄-ဦးကို ပုဒ်မ ၄၄၇/၄၂၇/၃၅၃ /၁၀၉ များတပ်၍ တရားစွဲခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ ဦးဆောင်ပြုလုပ်သူ ဦးနေလင်းက ပြောသည်။

၎င်းက “လယ်ယာမြေတွေ ပြစ်ထားတာကြာတော့ ပျက်စီးကုန်တယ်။ ခုဒါတွေ ရှင်းလင်းပြီး ပြန်စိုက်ဖို့ လုပ်နေတယ်။ စားဝတ်နေရေးအတွက် စိုက်ကြမှာဆိုတော့ ဖမ်းရင်လည်း ခံရမှာပဲ။”ဟု မဇျ္စိမကို ပြော သည်။

ဒေသခံများအနေဖြင့် အဆိုပါ မြေယာများတွင် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ ရှင်းလင်းစိုက်ပျိုးမှုများ လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၂၇ ရက်နေ့က မာဘယ်စက်ရုံတာဝန်ခံက ဆက်လက်မလုပ်ဆောင်ရန်နှင့် ထွက်ခွာပေးကြရန် အကြောင်းကြား စာများပေးပို့ခဲ့သည်ဟု ဆိုသည်။

ယင်းအကြောင်းကြားစာတွင် ယခုကဲ့သို့ ဝင်ရောက်စိုက်ပျိုးခြင်းအား ရပ်ဆိုင်းပေးရန်၊ လက်ရှိ အဆောက်အဦများ ဖျက်သိမ်းပေးရန် နှင့် ထိုတားမြစ်မှုများကို လိုက်နာခြင်းမရှိပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသည်။

မာဘယ် ကျောက်ပြား စက်ရုံတာဝန်ခံ ဦးဇော်မျိုးသန့်က  “အဲဒီမြေတွေက သစ်တောကြိုးဝိုင်း ဧရိယာ ထဲမှာ ပါတယ်ဆိုတာ ရှင်းပြပြီးဖြစ်သလို အကြောင်းကြား အသိပေးစာလည်း ပေးပို့ထားပါတယ်။ ဇူလိုင် ၂၇-ရက်ကပါ။ ဒါပေမယ့် သူတို့က အဆောက်အဦတွေ ဆောက်တယ်။ စိုက်ပျိုးရေးတွေ ဆက်လုပ်တယ်။ ဒါကြောင့် တရားဥပဒေအရ ဖယ်ရှားဖို့လုပ်ရတာပါ။”ဟု ပြောသည်။

သိမ်းဆည်းခံလယ်ယာမြေများ ပြန်လယ်ရရှိရေးအတွက် သြဂုတ်  ၁၀ ရက်က တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အသနားခံစာနှင့် တိုင်ကြားစာများ တောင်သူလယ်သမား အလုပ်သမားအရေး ဆောင်ရွက်သူများအဖွဲ့ အထက်မြန်မာပြည် ဗဟိုကော်မတီဝင် ဦးမျိုးဝင်းက ဦးဆောင်တင်ပြပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “စာတင်လို့ မထူးခြားဘူးဆိုရင်တော့ ဒေသခံ တောင်သူတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြမယ်။ ထွန်တုံုး တိုက်ပွဲဝင်မယ်။ ဒေသခံတောင်သူတွေ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီရင်ဆိုင်ပေးသွားမယ်။”ဟု ပြောသည်။

လက်ရှိတွင်လည်း သိမ်းဆည်းထားသည့် မြေများအတွက် သက်ဆိုင်သူများနှင့် တွေ့ဆုံဖြေရှင်း ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု လည်း ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံတည်ဆောက်ရန် အသုံးပြုသော မြေမှာ ၅-ဧက ကျော်သာရှိ၍ ဒေသခံများအနေဖြင့် ပိုလျှံနေသည့် မြေများပေါ်တွင် စိုက်ပျိုးခွင့်ဆက်လက်ရရှိရေးကို် လုပ်ဆောင်သွားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

လယ်ယာမြေအရေး လိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က “လယ်ယာမြေ သိမ်းဆည်းတာတွေက ဘယ်နေရာမှ တရားဥပဒေနဲ့အညီ သိမ်းခဲ့တာ မရှိဘူး။ အမှုရင်ဆိုင် ရပြီဆိုရင်လည်း တောင်သူဘက်က အနိုင်ရတယ်ဆိုတာ မရှိဘူး”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...