အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမြန်မာရေဘေးအတွက် ရန်ပုံငွေတောင်းခံ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမြန်မာရေဘေးအတွက် ရန်ပုံငွေတောင်းခံ
by -
မဇ္ဈိမ
အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)က မြန်မာနိုင်ငံ ရှိရေဘေးဒဏ် အဆိုးရွားဆုံး ခံရသောဒေသများမှ ရေဘေးသင့်သူများအတွက် နိုင်ငံတကာအရေးပေါ် ရန်ပုံငွေ တောင်းခံချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁ သန်းနှင့် ညီမျှသည့် ဆွစ်ဖရန့်ငွေ ၄ သန်းကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့ရှိ လူဦးရေ ၅၈,၀၀၀ အတွက် တစ်နှစ်အတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး အကူအညီများအတွက် အဓိကရည်ရွယ်ထားသည်ဟု သြဂုတ် ၁၀ ရက်နေ့က ထုတ်ပြန်သည်။

ယခုအထိ ရေမြုပ်နေသည့် နေရာများ ရှိနေသေးပြီး၊ ကယ်ဆယ်ရေစခန်းနေသူများအတွက်လည်း အရေးအကူအညီများ လိုအပ်နေသေးသည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေက ပြောသည်။

"နေရပ်ပြန်သွားတဲ့သူတွေမှာလည်း သူတို့ရဲ့နေအိမ်တွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးကုန်တဲ့ အပြင် ရေရရှိနိုင်တဲ့နေရာတွေလည်း ညစ်ညမ်းကုန်ပြီဖြစ်ပါတယ်။"ဟု ၎င်းက ဆိုသည်။

ဇူလိုင်လအတွင်း မိုးကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် ခြောက်ခုတို့တွင် ရေဘေးသင့်သူ တစ်သန်းဝန်းကျင်ရှိပြီး လူပေါင်း ၁၀၀ သေဆုံးခဲ့သည်ဟု မြန်မာအစိုးရက ခန့်မှန်းထုတ်ပြန်ထားသည်။

ရေဘေးစတင်ဖြစ်ပေါ်သည့် ဇူလိုင်လလယ်မှစ၍ ရေဘေးသင့်ဒေသရှိ ကြည်ခြေနီအသင်းခွဲ ဝန်ထမ်းများနှင့် စေတနာ့လုပ်အားရှင် ၅၀၀ ကျော်က ရေဘေးလွတ်ရာပြောင်းရွှေ့ပေးခြင်း၊ ရှေးဦးပြုစုပေးခြင်းနှင့် သိုလှောင်ထားသော အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်များထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုချိန်ထိ လူဦးရေ ၅၀,၀၀၀ ထံသို့ ကယ်ဆယ်ရေးအထောက်အပံ့များ ရောက်ရှိပြီးဖြစ်သည်ဟုလည်း ဆိုသည်။

ယခုတောင်းခံသည့် နိုင်ငံတကာရန်ပုံငွေကို လူဦးရေတစ်သိန်းအတွက် ဦးတည်ကာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုက စုစည်းလုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်၌ အသုံးပြုသွားမည်ဟု ထုတ်ပြန်ထားသည်။

"ရေဘေးသင့်သူတွေအနေနဲ့ တဖက်မှာလည်း သူတို့တွေရပ်တည်နိုင်ရေးမှာ အထောက်အကူဖြစ်စေဖို့ ငွေကြေးထောက်ပံ့ တာ၊ ရေရှည်ထောက်ပံ့မှုမှာ နေအိမ်တွေပြန်ဆောက်ပေးတာမျိုး၊ ရေတွင်းတွေ၊ ရေရရှိနိုင်မယ့် နေရာတွေနဲ့ ရေအိမ် စတဲ့ ရပ်ရွာလူထုအတွက် အခြေခံအဆောက်အအုံတွေ ပြန်လည် တည်ဆောက်ပေးတာမျိုးတွေ ပါဝင်မှာပါ။"ဟု IFRCဌာနေကိုယ်စားလှယ် ဥဒယရက်ဂ်မီက ပြောသည်။

ခန့်မှန်းခြေ စိုက်ပျိုးမြေ ဧက တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အကူအညီပေးရေးသည် ကြက်ခြေနီ၏ နောက်ထပ် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...