ယင်းအချက်မှအပ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပါ အခန်း ရ ခန်း၊ အပိုဒ် ၃၃ခုလုံးကို သြဂုတ် ၆ရက်၊ ရရက် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီနှင့် တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်များ အဆင့်မြင့် ညှိနှိုင်း ကိုယ်စားလှယ်အဖွဲ့ (SD) တို့အကြား နောက်ဆုံးအချောသတ် သဘောတူညီမှုရရှိခဲ့သည်။
“သမ္မတ၊ ဒုသမ္မတတွေပါတဲ့ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးပြီး အကုန်ပါမယ်၊ မပါမယ်က အဲဒီကနေ သိရမယ်၊ ဒီနေ့အတွက်တော့ လက်နက်ကိုင် ၁၅ဖွဲ့နဲ့ ထိုးဖို့အစိုးရက အစဉ်သင့်ရှိတယ်လို့ ဆုံးဖြတ်ချက် ပေးထားတယ်”ဟု အစိုးရဖက်မှ တာဝန်ယူ ဖြေကြားပေးသည့် MPC မှ အကြီးတန်းကိုယ်စားလှယ် ဦးလှမောင်ရွှေ ကဆိုသည်။
လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ဖြင့်သာ NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားပြီး ကျန်ရှိသည့်အဖွဲ့များ ကိုလည်း နောက်ဆက်တွဲအနေဖြင့် စာချုပ်ချုပ်ဆို ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။
နေပြည်တော်တွင် သွားရောက်ဆွေးနွေးရန် ကရင်၊ ကချင်၊ ကရင်နီ၊ မွန်နှင့် ရှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ထိပ်သီးခေါင်းဆောင်များကို ရွေးချယ်ရန် လျာထားပြီး ဆွေးနွေးမည့်ရက် အတိအကျကိုမူ သက်မှတ်ထားခြင်းမရှိသေးပေ။ ဆွေးနွေးပွဲကို သြဂုတ်လအတွင်းပင် ပြုလုပ်ရန် သဘောတူခဲ့သည်။
တိုင်းရင်းသားအားလုံးပါမှ လက်မှတ်ရေးထိုးမည်မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့အထိ ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အဖွဲ့အတွင်း ပါရှိသည့် အဖွဲ့ ၁၇ခုလုံးဖြင့် NCA ကို လက်မှတ်ရေးထိုး သဘောတူရန် တိုင်းရင်းသားတို့က ဆန္ဒရှိနေသည်။
“တိုင်းရင်းသားတွေ ညီလာခံ ၄ကြိမ်လုပ်ပြီး အားလုံးပါဝင်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့တယ်အတွက် ဒါကိုကျွန်တော်တို့ အလျော့အတင်းလုပ်လို့မရပါဘူး”ဟု ထိပ်သီးခေါင်းဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျံုးက မဇ္ဈိမကို ပြောသည်။
အစိုးရက အပစ်ရပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ရန် သဘောတူညီမှု မရှိသေးသည့် ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ နှင့် ရခိုင်တပ်မတော် (AA)တို့ သုံးဖွဲ့က အပစ်ရပ်လက်မှတ်ရေးထိုးရန် အစိုးရထံ သြဂုတ် ၅ရက်က စတင်ကမ်းလှမ်းခဲ့သေးသည်။
တိုင်းရင်းသားလက်နက်ကိုင် ၂၁ဖွဲ့မှ ကိုးကန့်(MNDAA)၊ အောင်း(၀်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင်တပ်မတော်(AA)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ၀အမျိုးသားအဖွဲ့(WNO) တို့ကိုနောက်ဆက်တွဲအနေဖြင့်သာ လက်မှတ်ရေးထိုးလိုသည်ဟု လည်း တိုင်းရင်းသားခေါင်းဆောင်များက ဆုံးဖြတ်ထားသည်။
NCA မူကြမ်းပါ အချက်အားလုံးများကို နိုင်ငံပိုင်သတင်းဌာနများမှ ပြည်သူလူထုသို့ မကြာမီမှာပင် ချပြသွားမည် ဖြစ်ပြီး ပြည်သူလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အကြံပြုမှုများကိုလည်း လက်ခံပေးသွားမည်ဟု ဦးလှမောင်ရွှေက ဆိုသည်။
NCA လက်မှတ်ထိုးခွင့်မရသေးသူများအတွက် တိကျသည့် အာမခံချက်မရှိခြင်း၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တို့အကြား သဘောထားကွဲလွဲနေသေးသည့် အားလုံးပါဝင်ရေးနှင့်အတူ NCA ကိုလက်မှတ်ထိုးခွင့်မရသူများအတွက် စာချုပ်ပါ နိုင်ငံရေး၊ စစ်ရေးအရ အာမခံချက်များက အကျံုးမဝင်နိုင်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်မည်ကို စိုးရိမ်သည်ဟု ထိပ်သီးခေါင်းဆောင်အဖွဲ့ ပြောခွင့်ရသူ ပူးဇင်ကျံုးက ပြောသည်။
“NCA မှာ စစ်ရေး၊ နိုင်ငံရေးအရ အာမခံချက်တွေပါတယ်။ လက်မှတ်ထိုးတဲ့သူတွေနဲ့သာ သက်ဆိုင်ပါတယ်။ လက်မှတ်မထိုးတဲ့အဖွဲ့တွေနဲ့က အကျံုးဝင်မှ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီအဖွဲ့တွေနဲ့ တိုက်တာရပ်ပြီး နိုင်ငံရေးဆွေးနွေးတာ သွားတာထက် ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်မလားလို့ စိုးရိမ်ပါတယ်”ဟု ၎င်းက ဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ လက်မှတ်မထိုးရသေးသည့် အဖွဲ့တွေအနေဖြင့် တပ်မတော်က ထုတ်ပြန်ထားသည့် မူဝါဒ ၆ချက်ကို လိုက်နာပါက ပြဿနာရှိလာနိုင်မည် မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုထားသည်။
သြဂုတ်လ ၃ရက် ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာတွင် ဖေဖော်ဝါရီလ ၁၂ရက် (ပြည်ထောင်စုနေ့)က ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့နှင့် တွေ့ဆုံစဉ် ပြောဆိုခြင်းလည်း ဖြစ်သည်။
“တပ်ရဲ့ငြိမ်းချမ်းရေးမူ ၆ချက်က အဓိက ၂ချက်ကို ကျန်ခဲ့မယ်ဆိုတဲ့ အဖွဲ့သာမဟုတ်ဘဲ ဘယ်တိုင်းရင်းသားအဖွဲ့ကမှ မလိုက်နာနိုင်ဘူး၊ အဲဒီအတွက် နှစ်ဖက်အကြားမှာ ပဋိပက္ခတွေပြန်ဖြစ်လာမှာကိုလည်း စိုးရိမ်ကြတယ်”ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ဆိုသည်။
အစိုးရအပြောင်းအလဲ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ အာမခံချက်မပါရှိ။ ၂၀၁၁ခုနှစ်၊ သြဂုတ်လမှ စတင်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် အစိုးရ အဆက်ဆက်တို့က ငြိမ်းချမ်းရေးကို ဆက်လက်ဆွေးနွေးရန် အာမခံထားရှိ သည့်အချက်များကို တိုင်းရင်းသားများနှင့် လက်ရှိအစိုးရတို့အကြား မည်သည့်အာမခံချက်မှ ထားရှိထားခြင်း မရှိပေ။
“ဒီအစိုးရလက်ထက်မှာ လက်မှတ်မထိုးနိုင်ရင်တော့၊ နောက်အစိုးရနဲ့ ထက်ဆွေးနွေးရမယ်။ အသစ်ကပြန် ဆွေးနွေးရမလားဆိုတာတော့ တက်လာမည့်အစိုးရရဲ့ ပေါ်လစီပေါ်မူတည်ပါတယ်။ အဲဒီအစိုးရက ၄နှစ်တာ ဆွေးနွေး ချက်တွေ သဘောတူတယ်ဆိုရတယ်။ လက်မှတ်ထိုးပြီးသွားရင်းလည်း သူတို့ဆက်ပြီး သယ်သွားမယ်လို့ ယုံကြည်ရပါတယ်”ဟု တိုင်းရင်းသားထိပ်သီးခေါင်းဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျံုးက ဆိုသည်။
လက်မှတ်ထိုးဖြစ် နိုင်ငံတစ်ကာ အသိသက်သေများခေါ်ယူရေး NCA စာချုပ်ကို အစိုးရနှင့် တိုင်းရင်းသားတို့အားလုံး သဘောတူထားသည့် ကုလသမဂ္ဂ၊ အိမ်နီးချင်း ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့ကို အသိသက်သေအဖြစ်ထားကာ လက်မှတ်ရေးထိုးမည့်အပြင် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ဂျပန် နိုင်ငံတို့ကိုလည်း လေ့လာသူအဖြစ် ဖိတ်ကြားကာ လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။
ပြည်တွင်းမှလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးကဲ့သို့ ခေါင်းဆောင်များ၊ အာဏာရပါတီ ပြည်ခိုင်ဖြိုး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြင် တိုင်းရင်းသား တိုင်းရင်းတပ်ပေါင်းစုများ၊ ပါတီများ၊ တရားဝင် မှတ်ပုံတင်ပြီးသည့် အဖွဲ့အစည်းအများစုကိုလည်း ဖိတ်ကြားမည်ဟု ၉ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဆုံးဖြတ်ထားသည်။







