မိုးနှောင်းကာလတွင် ရေထပ်မံကြီးနိုင်၍ နိုင်ငံတော်အဆင့်ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် လိုအပ်ဟု ဦးထွန်းလွင်ဆို

မိုးနှောင်းကာလတွင် ရေထပ်မံကြီးနိုင်၍ နိုင်ငံတော်အဆင့်ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် လိုအပ်ဟု ဦးထွန်းလွင်ဆို
by -
မဇ္ဈိမ
မိုးလယ်ကာလ ရေကြီးမှုဒဏ်ကို ဒေသအများစုတွင် ခံစားနေရသော မြန်မာနို်င်ငံအနေဖြင့် မိုးနှောင်း ကာလဖြစ်သော စင်တင်ဘာ ကာလတွင်လည်း ရေထပ်မံကြီးနိုင်၍ ကြိုတင်ကာကွယ်မှုများကို နိုင်ငံတော်အဆင့် လုပ်ဆောင်ထားရန်လိုအပ်သည်ဟု ဦးထွန်းလွင်က သြဂုတ် ၆ရက်က သတိပေး ပြောကြားလိုက်သည်။

ဦးထွန်းလွင်က “မြန်မာနိုင်ငံမှာ နှစ်စဉ်ရေကြီးတယ်။ ဒီလို နှစ်စဉ်ရေကြီးတာကို ဘာမှ ပြင်ဆင်မထားနိုင်တာကိုက နိုင်ငံမှာ တစ်ခုခုမှားနေပြီ ဒါကို စဉ်းစားပြီး သတိထားဖို့လိုကို လိုအပ်နေပါပြီ”ဟုဆိုသည်။

ရန်ကုန်မြို့ ၃၇လမ်း (အထက်)ရှိ တစ်ထိပ်တန်းပညာ့ဗိမာန်တွင် ပြုလုပ်သည့် မြန်မာ့ရေဘေး ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ် သည်။

ယင်းပွဲသို့ တက်ရောက်လာသည့် ဒေါက်တာရဲမြင့်ကျော်က “ကျွန်တော်တို့နိုင်ငံမှာ ၂၀၀၈ နာဂစ်ကြံု ကတည်းက သဘာဝဘေးကို အဆိုးဆုံးကြံုရတာ ခုချိန်ထိ ready (အဆင်သင့်)မဖြစ်သေးဘူး။ ကျန်းမာရေးဘက်မှာလည်း ready(အဆင်သင့်)ဖြစ်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ စနစ်တကျလုပ်ဖို့ လိုတဲ့အပိုင်းကိုတော့ စနစ်တကျလုပ်မှရပါလိမ့်မယ်။ ဝမ်းရောဂါလိုမျိုးက ဒီလိုဧရိယာ အကျယ်ကြီး ထိထားတဲ့အချိန်မှာ ကပ်ရောဂါအသွင် ဖြစ်သွားနိုင်ပါတယ်”ဟုလည်း ဆွေးနွေးပွဲတွင် ဆိုသည်။

မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် မိုးရာသီဖြစ်သည့် ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင် - ဩဂုတ်ကာလတွင် တစ်ကြိမ်၊ စက်တင်ဘာ-အောက်တိုဘာကာလတွင် တစ်ကြိမ်ရေကြီးလေ့ရှိပြီး ယခုရေကြီးမှုသည် မိုးကာလ၏ ဒုတိယအကြိမ် ရေကြီးကာလဖြစ်ပြီး မုတ်သုံမိုးကြောင့်ဖြစ်ကာ တတိယရေကြီးကာလ အတွက် သတိထားရန် လိုအပ်လာပြီဟုလည်း ဦးထွန်းလွင်က ဆိုသည်။
မိုးရာသီ လက်ကျန်ကာလဖြစ်သည့် လာမည့် စက်တင်ဘာလအတွင်းတွင်  တတိယရေကြီးကာလ အတွက် မုတ်သုံလေကြောင်းကို သတိထားရန်လိုအပ်နေပြီး စက်တင်ဘာလကုန်တွင် မြန်မာနို်င်ငံမှ မုတ်သုံလေ ထွက်ခွာချိန်တွင် တတိယအကြိမ်ရေကြီးနိုင်သည့် အကြောင်းရင်းများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါအကြောင်းရင်းများမှာ ယခုနှစ်သည် မိုးကောင်းသောနှစ်ဖြစ်ပြီး မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလ ကုန်တွင်လည်း ရွာသွန်းမြဲထက်မိုးပို လာနိုင်သည်ဟုလည်း ဆိုပြီး ယင်းအပြင် ရှမ်းပြည်နယ်တွင်းသို့ မိုးသယ်ဆောင်လာပေးသည့် တောင်တရုတ် ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း၏ အကြွင်းအကျန် အရှိန်ကြောင့် မိုးနှောင်းကာလတွင် ရရက်မှ ၁၀ရက်ခန့်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် မိုးဆက်တိုက်ရွာနိုင်ဖွယ်ရှိသည်ဟု  ဦးထွန်းလွင်က ဆိုသည်။

ယင်းသို့ မုတ်သုံလေအားကောင်းနေချိန်တွင် အရှေ့ဘက်မှ  တိုက်ဖုန်းမုန်တိုင်း အကြွင်းအကျန် ဝင်ရောက်လာခြင်းနှင့် တိုက်ဆိုင်သွားပါက မိုးအဆမတန်ရွာ၍ ကြီးမားသောရေကြီး မှုဖြစ်ပွားလာ နိုင်သည်ဟု ၎င်းက ပြောသည်။

အဆိုပါမုန်တိုင်းသည် ကြောက်မက်ဖွယ်ရာ ရေဘေးသင့်နိုင်သည့် အန္တရာယ်တစ်ခုဖြစ်သလို မုတ်သုံလေပြန်လည်ဆုတ်ခွာချိန်တွင်လည်း ယင်းဆုတ်ခွာရာဒေသများဖြစ်သည့်  မြန်မာနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးဆက်တိုက်ရွာ သွန်းမှုများဖြစ်ပေါ်နိုင်၍ ရေကြီးမှုကြံုရနိုင်သေးသည်ဟုလည်း ဦးထွန်းလွင်က ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း အတော်များများတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး သေဆုံးပျက်စီးမှုများလည်း ရှိနေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...