ဖားကန့် ကျောက်မျက်လုပ်ငန်းအချို့ တူးဖော်မှုများပြန်လည် စတင်

ဖားကန့် ကျောက်မျက်လုပ်ငန်းအချို့ တူးဖော်မှုများပြန်လည် စတင်
by -
မဇ္ဈိမ
ပြီးခဲ့သည့်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ အချို့နေရာများတွင် ရေကြီးပြီး လူနေအိမ်များ ပျက်စီးသည်အထိ ဖြစ်ပွားခဲ့ရကာ လက်ရှိအချိန်တွင်မူ ရာသီဥတု ပြန်လည်ကောင်းမွန်လာ၍ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းအချို့ တူးဖော်မှုများ ပုံမှန်အတိုင်း ပြန်လည်စတင်လည်ပတ်နေပြီဟု ဒေသခံများက ပြောသည်။

ဖားကန့်ရှိ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက “ကျွန်တော်တို့ကတော့ မိုးလေးစဲလိုက်ထွက်ရှာ လိုက်ပေါ့။ ကျောက်တွင်းတွေကတော့ အကွက်သစ်တူးတဲ့ လုပ်ငန်းပြန်မစသေးဘူး။ ကျန်တဲ့ လုပ်ငန်းတွေတော့ ပြန်စနေပြီ။ ရေလည်း ကျနေပြီဆိုတော့ ခုပုံမှန်ပြန်ဖြစ်နေပြီ”ဟု ဆိုသည်။

ပြီးခဲ့သည့် လအတွင်းက တောင်ကျချောင်းရေကြောင့် ဖားကန့်ဒေသတွင် ရေကြီးမှု ဖြစ်ပေါ်ပြီး ကျောက်မျက်တူး ဖော်ခြင်းများ မလုပ်ကိုင်နိုင်ဘဲ ရေမဆေးကျောက် ရှာသူများလည်း ရပ်နားခဲ့ ရကြောင်းဒေသခံများက ဆိုသည်။

ဒေသခံ တစ်ဦးဖြစ်သူ ဦးလဆိုင်းက “အရင်လကုန်ခါနီးလောက်က တော်တော်ဆိုးတယ်။ မြေနိမ့်ပိုင်း တွေ ရေဝင်တယ်။ တောင်ကျချောင်းရေတွေကျလို့ နမ့်ပေရွာနဲ့ ဆိပ်မူရွာဟောင်းမှာ  အိမ်တွေရေထဲ မျောကုန်တယ်”ဟု ဆိုသည်။

ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဖားကန့်မြို့ ပေါ်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရသည်အထိ အခြေအနေ ဆိုးဝါးခြင်းမရှိဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးတင်ဆွေမြင့်က အတည်ပြုပြောကြားသည်။

၎င်းက “ဇူလိုင် ၄ ရက်လောက်က တကြိမ်၊ ၂၂ရက်လောက်က တစ်ကြိမ်ဖြစ်တာ ခုသုံးပတ်လောက်ရှိပြီ။ မိုးကသိပ်မရွာဘူး။ ကျောက်မျက်လုပ်ကွက်တွေကတော့ ပုံမှန်တော့ ပြန်စနေပြီ။ အကွက်သစ်တော့ မတူးကြသေးဘူး”ဟု ဆိုသည်။

ဖားကန့်ဒေသရှိ ကျောက်မျက်လုပ်ကွက်များအနေဖြင့် ပုံမှန်အားဖြင့် စက်တင်ဘာလခန့်တွင် တူးဖော်ရေးလုပ်ငန်းများကို ပြန်လည်စတင်လေ့ရှိပြီး လက်ရှိ အချိန်တွင် ယခင်တူးဖော်ရရှိ ထားသောကျောက်များကို ကြိတ်ခွဲခြင်း လုပ်ငန်းများပြန်လည်စတင်နေပြီဟုလည်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...