ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) တို့ ပါဝင်သည့် ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (KNPC) သည် စစ်ဘေးရှောင်အရေးနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန် ပြည်နယ်စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြိုင်တွင် KNPC ဦးဆောင်ကော်မတီနှင့် အလုပ်အမှုဆောင် ကော်မတီတို့ ပူးတွဲကျင်းပသည့် ပထမအကြိမ် အစည်းအဝေး၌ ထိုသို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြ ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူအချို့ထံမှ သိရသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “အကြမ်းဖျင်းကတော့ စစ်ဘေး ဒုက္ခသည်တွေကို သွားပြီးတော့အကူအညီပေးမယ်။ နောက်တစ်ခုက အခြေအနေ ပေးရင် KNPC နဲ့ တာဝန်ရှိတဲ့ ပြည်နယ်က အဖွဲ့အစည်း (ပြည်နယ်စစ်အုပ်စု)နဲ့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမယ် အဲ့လိုဆုံးဖြတ်ထား တယ်” ဟု ပြောသည်။
ထို့ပြင် အဆိုပါ အစည်းအဝေးတွင် စစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံမည့်သူများ ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းခဲ့ သော်လည်း တွေ့ဆုံမည့် ရက်အတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အစည်းအဝေးသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အနားယူခဲ့ကြသည့် စောမူတူးစေးဖိုး၊ စောရွှေမောင်းတို့ အပါအဝင် KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွှန့်၊ BGF/KNA မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်ဘာသာရေး ခေါင်းဆောင်များနှင့် ကရင်ပါတီ အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
KNPC (မူလက KNPBC) ကို အကြမ်းမဖက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တည်ဆောက်ရန်နှင့် ဒေသတွင်း စစ်ဘေး ရှောင်များကို ကူညီရန်အတွက် ကရင်လက်နက်ကိုင်အဖွဲ့အချို့၊ ဘာသာရေးခေါင်းဆောင်များနှင့် ကရင်နိုင်ငံရေး ပါတီများ စုစည်းကာ ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။







