ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း ဖြင့် ကင်းထောက်မှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် ဒရုန်း အန္တရာယ်ကို သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်-ကရင်နီ စစ်တိုင်းဗျူဟာအမှတ် (၁၁) က သတိပေး နှိုးဆော်ထားသည်။
မိုးဗြဲမြို့အတွင်း ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲများတွင်လည်း စစ်အုပ်စုတပ်က ဒရုန်းအသုံးပြုမှုကို ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ကော်မရှင်ဖက်က ဒရုန်းနဲ့ ကင်းထောက်နေတာ။ ပြီးခဲ့တဲ့ ၁၃ ရက် မနက်ပိုင်းက ဒရုန်းနဲ့ကြဲပြီးတော့ သူတို့ (အာဏာသိမ်းစစ်တပ်) က ရှေ့တိုးလာပါတယ်။ နှစ်ဖက်ထိတွေ့မှုဖြစ်ပြီးတော့ သူတို့ဖက်က ပြန်ဆုတ်သွားပါ တယ်။ ၁၄ ရက်နေ့မှာလည်း ဒရုန်းနဲ့ လာချသေးပါတယ်” ဟု အဆိုပါ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
စက်တင်ဘာ ၁၄ ရက်နေ့က မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအတွင်း ဒရုန်းထိမှန်မှုကြောင့် ကယန်းအမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရသည်။
သို့သော် မိုးဗြဲမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များဘက်က သတင်းအချက်အလက် တစ်စုံတစ်ရာ သီးခြား ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ထို့ပြင် မိုးဗြဲမြို့နှင့် ထိစပ်နေသည့် နန်းမယ်ခုံမြို့ရှိ ကျေးရွာတစ်ရွာကို စက်တင်ဘာ ၁၄ ရက်တွင် စစ်အုပ်စုတပ် က ကာမိကာဇေ အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ထိမှန် သေဆုံးခဲ့သေးသည်။
ယမန်နေ့ စက်တင်ဘာ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အရပ်သားများ နေထိုင်ရာ ဒေသများကို စစ်အုပ်စုတပ်က အသေခံဒရုန်းများဖြင့် ၃ ကြိမ်ခန့် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်အုပ်စုတပ်သည် ရက်ဆက်ဆိုသလို ဒရုန်းဖြင့် ကင်းထောက်ခြင်း၊ ဗုံးကြဲခြင်းများအပြင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများပါ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် ဒရုန်းအန္တရာယ်ကို အထူးသတိထား ကြရန် သတိပေးထားသည်။
ထို့ပြင် လေယာဉ်သံ၊ ဒရုန်းသံများ ကြားရပါက ဗုံးခိုကျင်းများ (သို့မဟုတ်) အကာအကွယ်ရှိသည့် နေရာများတွင် အမြန်ဆုံး ပုန်းခိုကြရန် ရှမ်းတောင်-ကရင်နီ စစ်တိုင်းဗျူဟာအမှတ် (၁၁) က နှိုးဆော်ထားသည်။







