ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအချို့ကို အရေးပေါ် ပိတ်လိုက်ရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျောင်းများကို ပိတ်လိုက်ရခြင်း ဖြစ်သည်ဟု ဒီးမော့ဆို အနောက်ခြမ်းရှိ ကျောင်းဆရာမတစ်ဦးက ပြောသည်။
ကျောင်းဆရာမတစ်ဦးက “လေယာဉ်ကလည်း နီးတယ်။ ကလေးလည်း အရမ်းများတယ်။ အန္တရာယ်များတယ်။ ကြောက်စိတ်တွေလည်း များတော့ တချို့ဆို ပုန်းကျင်းထဲ ဘုရားရှိခိုးရတဲ့အဆင့် ဖြစ်သွားတော့ ငိုတောင် ငိုခါနီး ပြီး ကလေးတွေကလေ။ လေယာဉ်လာချတဲ့အခါမှာ ဗုံးခိုကျင်းတောင် တုန်လှုပ်နေတယ်လေ။ အဲ့ဒါ ကလေး တွေ တအားကြောက်တော့ မိဘတွေလည်း လာပြေးခေါ်တယ်ပေါ့။ ဆရာ၊ ဆရာမတွေလည်း တစ်ခုခု ဖြစ်ရင် ဆရာ၊ ဆရာမခေါင်းပေါ် တခုခုဖြစ်လာရင် မိဘတွေက အပြစ်တင်မလားဆိုတဲ့ စိတ်နဲ့ပဲ ကလေးကို ပေးနား လိုက်ရတယ်” ဟု ပြောသည်။
ထိုသို့ အရေးပေါ် ပိတ်လိုက်ရခြင်းဖြစ်သဖြင့် စာသင်ကျောင်းများကို မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင် မည်ကို လတ်တလော မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။
ကျောင်းများ အရေးပေါ်ပိတ်လိုက်ရခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းသားများ၏ ပညာ သင်ကြားရေးနှင့် စိတ်ပိုင်းဆိုင်ရာအပေါ် ထိခိုက်မှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“သူတို့ စိတ်အလေလွင့်မလား။ တချို့အတန်းဆို ဖြေနေရင်း လေယာဉ်ကြောင့် စာမေးပွဲတောင် ရပ်လိုက်ရတယ် ပေါ့နော်။ သူတို့စာလည်း ကျက်ချင်တော့မှာ မဟုတ်ဘူး။ ကြောက်စိတ်များမယ်။ ကျောင်းတက်လိုက် ပိတ် လိုက် ဆိုတော့ စာစိတ်ဝင်စားမှု နည်းနည်း အားနည်းသွားမှာပေါ့” ဟု အဆိုပါ ကျောင်းဆရာမက ပြောသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ကျောင်းသားမိဘများအနေဖြင့်လည်း ကလေးများကို ကျောင်းပို့ ရန် စိုးရိမ်မှုများ ရှိနေကြသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်အုပ်စုတပ်၏ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်တိုင်း လုံခြုံရေးအခြေအနေကြောင့် စာသင်ကျောင်းများ အရေးပေါ်ပိတ်ရသည့် ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ကျောင်းများ မကြာခဏ ပိတ်ထားရသဖြင့် ကျောင်းသားများ၏ စာသင်ကြားချိန် လျော့နည်းလာပြီး ပညာရေးပိုင်း နောက်ကျကျန်ခဲ့မည်ကို ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများက စိုးရိမ်နေကြသည်။
ဓာတ်ပုံ - (ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခု၏ ပညာသင်ကြားနေမှု မြင်ကွင်း / Credit)







